မြန်မာနဲ့ တရုတ် ထိစပ်နေတဲ့ ရွှေလီကို မတ် ၂ ရက်နေ့က လော့ဒေါင်းချလိုက်ပြီး ဝမ်တိန် - ကျင်စန်းကျော့ နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ် ယာယီပိတ်ထားလိုက်တယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေလီမြို့ ကျယ်ခေါင်ကော်မိန်ဧရိယာ ဝမ်တိန်မင်ကျူကိုင်း ဧရိယာတွေကို မတ် ၂ ရက်နေ့ တရုတ် အချိန် ၂၁ နာရီကစ ကူးစက်မှု အဝါရောင်ဇုန် (အလယ်အဆင့်) အဖြစ် ပြောင်းလဲသတ်မှတ် လိုက်တယ်လို့ တရုတ် ကျန်းမာရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“ကျင်စန်းကျော့လည်း ပိတ်လိုက်ပြီ။ ရွှေလီမှာလည်းအားလုံး လော့ဒေါင်း။ မနေ့က လူတွေအများကြီးပဲ ကြိတ်ကြိတ်တိုး ဟင်းတွေ လာဝယ်ကြတာ။ ညနေပိုင်း ၂ နာရီကစပြီး တမြို့လုံး လော့ဒေါင်းဖြစ်သွားပြီ။ ကိုယ့်အိမ်မှာ ကိုယ်နေပေါ့။ ရွှေလီတော့ နည်းနည်းကြာမယ်။ ဝမ်တိန်က ၄ ရက် မဟုတ်ရင် ၅ ရက် တရက်ရက်မှာ ပြန်ဖွင့်မယ်လို့ လူကြီးတွေ ပြောတယ်” လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ရဲ့ အဓိက ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကို မတ် ၂ ရက်နေ့ မနက်က ယာယီပိတ်လိုက်တယ်လို့ ကုန်ဂိတ် ပိုင်ရှင် ၁ ဦး က ပြောပါတယ်။
“အခြေအနေ ပြန်မကောင်းဘူး။ တနေ့ကပဲ လော့ဒေါင်းပြန်ချသွားပြီ။ ရွှေလီမှာလည်း အခြေအနေ မကောင်းဘူး။ သူတို့ ရွှေလီမှာကို တွေ့နေပြီလို့ ပြောတယ်။ လောလောဆယ်တော့ တရုတ်ဘက် အကောက်ခွန်နဲ့ ဝန်ထမ်းတွေ ပိုးတွေ့လို့ ကျင်စန်းကျော့ နယ်စပ်ဂိတ် ယာယီ အဝင်၊ အထွက် ယာယီ ပိတ်သွားတာပေါ့။ ယာယီဆိုလည်း ပိတ်သွားပြီပေါ့ဗျာ။ စိတ်ညစ်တယ်။”
မြန်မာဘက်ခြမ်းက ကုန်တင်ကားသမားတွေလည်း မတ် ၂ ရက်နေ့အထိ ပိုးတွေ့ ရှိကြောင်း မူဆယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဝင် ၁ ဦးက ပြောပါတယ်။
“ကုန်တင် ကားသမားတွေ ၁၀၅ မိုင်လည်း ပိုးတွေ့တယ်။ ကွတ်ခိုင်မှာလည်း တွေ့တယ်။ မနေ့ကထိ ၅၆ ယောက် ရှိတယ်။ ၁၀၅ မိုင် ကိုဗစ်စင်တာကြီးမှာ ထားပါတယ်။ တချို့တွေကို ကွတ်ခိုင်မှာ စစ်တယ်။ ကွတ်ခိုင်မှာလည်း ကွာရန်တင်းစင်တာ ၁ ခု ဖွင့်ဖို့ ရှိတယ်။ လောလောဆယ်တော့ ကွတ်ခိုင်ဆေးရုံမှာ ထားတယ်။ အရေးပေါ် ဖြစ်လာရင်တော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ကိုဗစ်စင်တာ ပို့တယ်။ အိုမီခရွန်ကျတော့ ဂိုက်လိုင်း ပြောင်းသွားတယ်။ တချို့ဆိုရင် ဆေးရုံ တက်စရာမလိုတဲ့ အုပ်စုတွေရှိတယ်။ Home ကွာရန်တင်းထားတယ်။ ကျင်စန်းကျော့က တရုတ်ဘက်က ရှန်တိန်သမားတွေ ပိုးတွေ့လို့ ပိတ်တာ။ တို့ဘက်တွေ့လို့ မဟုတ်ဘူး။”
မတ် ၃ ရက်ကစပြီး ကျင်စန်းကျော့မှာ ကုန်တင်ယာဉ်ကြီးတွေ အစီးရေ ၁၀၀၀ လောက် ရှိနေတာကြောင့် လားရှိုးမြို့ရှောင် တိုးဂိတ်မှာ တရုတ်နိုင်ငကေို ကုန်ပစ္စည်းပို့မယ့် အတက် ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် ယာယီပိတ်ထားမှာဖြစ်ကြောင်း၊ ပြန်ဖွင့်မည့်ရက် သိရပါက ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ကြောင်း ယာဉ်ကြောနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း သွားလာနေတဲ့ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရကြောင်း၊ export ကုန်တွေတင်ပြီး ဒေသတွင်းကုန်ပစ္စည်းတွေလို့ ပြောပြီး ဖြတ်သန်းသွားမယ့် ကုန်တင်ယာဉ်တွေ အရေးယူခံရမှာ ဖြစ်ကြောင်း၊ ကျင်ဆန်းကျော့က ကုန်ကားတွေ ဆင်းလာပြီးမှ အတက်ကားတွေလမ်း ပြန်ဖွင့်ပေးမှာလို့ ဆိုပါတယ်။
မြန်မာနဲ့ တရုတ် နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ်က နှစ်ဝက်ခန့်ကြာ ပိတ်ခဲ့ပြီး နှစ်ကုန်ပိုင်း တချို့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့တာပါ။ အခုတော့ ကိုဗစ်ကြောင့် နယ်စပ်ဂိတ်တချို့ ပြန်ပိတ်ခဲ့ရတာပါ။