နိုင်ငံတကာ ရှားပါးငှက်မျိုးစိတ်တွေ ခိုနားကြတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က နံ့သာကျွန်းကို မြန်မာနိုင်ငံရဲ့ ဒုတိယအဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနံ့သာကျွန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံရဲ့ ဆဋ္ဌမမြောက် ရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ အဏ္ဏဝါဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ရှားပါးမျိုးစိတ်တွေ ခိုလှုံတဲ့ဒေသကို အခုလို သတ်မှတ်လိုက်တာဟာ အဲဒီဒေသမှာ ခိုလှုံတဲ့ သတ္တဝါမျိုးစိတ်တွေကို ပိုမိုထိန်းသိမ်းမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်သလို ဒေသတွင်း ခရီးသွားလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာနိုင်ပြီး ဒေသခံတွေအတွက် ဝင်ငွေတိုးပွားမှုတွေ ဖြစ်လာစေနိုင်တယ်လို့ စစ်တွေခရိုင် သဘာပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယအဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်လိုက်တဲ့ နံ့သာကျွန်းဟာ ရသေ့တောင်မြို့နယ် မေယုမြစ်ဝနဲ့ ဘင်္ဂလားပင်လယ်အော်ဝမှာ တည်ရှိပြီး ရေမြေဧကပေါင်း ၂၂,၀၀၀ ကျော် ကျယ်ဝန်းပါတယ်။
အဲဒီ နံ့သာကျွန်းဒေသမှာ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ ရေညှောင်းနုတ်ဝိုင်းငှက်တချို့ ဆောင်းခိုကြတဲ့နေရာ ဖြစ်သလို တခြား ရှားပါးငှက်မျိုးစိတ်တွေ၊ ဧရာဝတီလင်းပိုင်တွေနဲ့ လိပ်မျိုးစိတ်တွေဖြစ်တဲ့ လိပ်စောင်းလျား၊ လိပ်လှောင်းနဲ့ ပြင်သာလိပ်တို့ မျိုးပွားနေထိုင်ရာ ဒေသတခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်း လန်ပိကျွန်းကို ပထမဆုံး အဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အခု နံ့သာကျွန်းကို ဒုတိယအဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။