ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာ တွေကြုံတွေ့နေရတဲ့အတွက် အခုနှစ်မှာတော့ စစ်ဘေးရှောင်တွေအတွက် ရေပြဿနာအခက်အခဲက တော်တော်လေးရင်ဆိုင်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုကာလ နွေရာသီမရောက်သေးပေမဲ့ ရေခမ်းနေပြီး မြို့ပေါ်မှာက သောက်သုံးရေအခက်အခဲမရှိပေမဲ့ စစ်ဘေးရှောင်စခန်းတွေမှာတော့ တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ပေါက်တောမြို့ခံတစ်ဦးက ပြောပါတယ်။
ပေါက်တောမြို့ကို ရေပေးဝေနေတဲ့ နတ်တောင်ပြင်ဆည်နဲ့ မနော်သီရိဆည် ၂ ခုရှိပြီး လက်ရှိ နတ်တောင်ပြင်ဆည်ဟာရေခမ်းခြောက်နေသလို မနော်သီရိဆည်ကလည်း ရေပေးဝေဖို့ အဆင်သင့်မဖြစ်သေးဘူးလို့လည်း သိရပါတယ်။
အဲဒီလို ပေါက်တောမြို့နယ်အတွင်း ရေရှားပါးတဲ့ပြဿနာကိုကြိုတင်ကာကွယ်ဖို့အတွက် ရေကန် ဆည်မြောင်း စတာတွေကို စီမံကိန်းတွေရေးဆွဲပြီး အစိုးရနဲ့ပြည်သူ ပူးပေါင်းကာ အမြန်အဖြေရှာသင့်တယ်လို့လည်း ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ မိုးများတဲ့ဒေသဖြစ်ပေမဲ့ နွေရာသီရောက်တိုင်း ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့နေရပြီး အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ ပေါက်တောမြို့နယ်စည်ပင်သာယာရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။