စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ရွာသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က မတ် ၁ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ အကြောင်းမဲ့ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ နမခကနေ ရဟတ်ယာဉ် ၄ စီးနဲ့ လာရောက်ချထားတဲ့ တပ်သားတွေလို့ ဆိုပါတယ်။
“သူတို့ လေယာဉ်ယာဉ်နဲ့ ပထမ စစ်သားလာချတယ်။ အဲလိုလာချပြီး စစ်ကောင်စီတပ်က ရွာကို ပတ်ပတ်ဝိုင်းပြီး ထွက်ပေါက်တွေ အကုန်ပိတ်ထားတယ်။ အဲဒီလိုပိတ်ပြီး ရွာသား ၄၀ ကို ဖမ်းထားတယ်။ ဘာလို့ အခုလို ရွာသားတွေကို ဖမ်းရတာလဲဆိုတော့ ဒီလူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုရအောင်လို့ ဖမ်းတာဖြစ်နိုင်တယ်” လို့ ရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖမ်းဆီးထားတဲ့ ကျောက်တိုင်ရွာသားတွေကို ကျေးရွာ စာသင်ကျောင်းဝင်းအတွင်းမှာ ထားရှိပြီး ဖမ်းဆီးခံ ရွာသား ၄၀ ထဲမှာ မင်းကျီကျေးရွာက ၃ ယောက်လည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကျောက်တိုင်ကျေးရွာကို ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကျောက်တိုင်ရွာအနီး မြင်းသည်ကျေးရွာက ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။