ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲယင်းတောင်းကျေးရွာရှိ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ ရွာငံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ထုတ်ပြန်ထားပါတယ်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SSPDF (ရှမ်းပြည်နယ်တောင်ပိုင်း) နဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို သုံးစွဲခြင်းမပြုဘဲ သပိတ်မှောက်ကြဖို့နဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေကလည်း ရောင်း၀ယ်ဖောက်ကား သုံးစွဲတာ မပြုကြဖို့ ဒုတိယအကြိမ် မေတ္တာရပ်ခံအပ်ထားပါတယ်။
ဒါ့အပြင် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းက စစ်တပ်ထုတ်ကုန်မြန်မာ ဘီယာတင်ဆောင်လာတဲ့ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။