ကချင်ပြည်နယ်ထဲက ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာနဲ့ အနီးအနားကို စစ်ကောင်စီက မတ်လ ၁ ရက် နေ့လယ် ၂ နာရီခွဲလောက် ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆွမ်ပီယန်ရွာခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် ၉ နာရီအချိန်ခန့်မှာ ရှိန်ဂတ်တောင်ဘက်ကို စစ်ကူသွားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲလာတယ်။”
PDFတာ၀န်ရှိသူတစ်ဦးက “ပူတာအိုမြို့နယ်ထဲက ရှိန်ဂတ်တောင်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဒီနေ့မှာ ၂ ခါ ထိပ်တိုက် တိုက်ပွဲဖြစ်နေလို့ စစ်ကောင်စီဘက်က အထိနာသွားတယ်။ ဒါကြောင့် လေယာဉ်ကို စစ်ကူခေါ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ရှိန်ဂတ်တောင်အနီးအနားမှာရှိတဲ့ အင်စီယန်ရွာနဲ့ ဆွမ်ပီယန်ကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာတောထဲကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပူတာအိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းများဖြစ်တဲ့ ဆွမ်ပီယန်စခန်းနဲ့ လုံရှာယန်တပ်စခန်းတွေကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ကာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။