ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကမ္ဘောဇဘဏ် (KBZ) မှာ ဒီနေ့ညနေ ဓားပြတိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီအချိန်လောက်က သီပေါမြို့နယ်အတွင်းမှာရှိတဲ့ ကမ္ဘောဇဘဏ် KBZ ကို မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၃ ဦးက လက်နက်ပြ ဓားပြတိုက်ခဲ့တာကြောင့် ကျပ်ငွေ သိန်း ၁၀၀၀ ပါသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။
ဓားပြတိုက်သူ ၃ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားကာ အခင်းဖြစ်ပွားပြီးမကြာမီ ရဲနဲ့ စစ်သားတွေရောက်လာပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုယက်မှု၊ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့တုန်းကလည်း နောင်ချိုမြို့ ဘန့်ဘွေးရဲစခန်းအနီးက ကျော်ဇောလင်း ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။