စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်က အင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးတာတွေကြောင့် ကျေးရွာနေပြည်သူတွေက ယနေ့အချိန်အထိ တောတောင်တွေမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၉ ရက်က ကျေးရွာထဲဝင်ရောက်ပြီး ပြည်သူတွေကို ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တာကြောင့် ကျေးရွာက ပြည်သူတွေအားလုံးတောတောင်တွေမှာ တိမ်းရှောင်နေရတာလို့ ပြောပါတယ်။
“အဲဒီနေ့က ရွာထဲဝင်လာပြီး ဖမ်းခေါ်သွားတာ အများကြီးပဲ၊ အဲကတည်းကနေ တရွာလုံး ပြေးနေကြတာ၊ အခုလည်း တောထဲမှာပဲ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ရွာထဲ ဝင်ရောက်လာတဲ့နေ့က ရွာသား ၃၂ ယောက်ကို ဒိုင်းကာအနေနဲ့ စစ်ကြောင်းရှေ့မှာထားပြီး သွားလာတာတွေပြုလုပ်ပြီး ရွာထဲမှာ စခန်းအထိုင်ချတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
အင်းကျေးရွာက ပြည်သူတွေက ရွာနဲ့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် နေရပ်မပြန်နိင်သေးဘဲ တောတောင်တွေမှာ တိမ်းရှောင်နေရတာလို့ ပြောပါတယ်။
“အခုရွာထဲမှာ စခန်းအထိုင်ချထားသေးလားတော့ မသိဘူး၊ ကြားတာကတော့ အင်းဒေါင်းနားမှာ ရှိနေသေးတယ်တဲ့။ အဲဒါကြောင့် လုံခြုံရေးစိတ်မချရသေးလို့ မပြန်သေးတာ” လို့ တိမ်းရှောင်နေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အင်းကျေးရွာက အစ္စလာမ်ဗလီထဲကို ဝင်ရောက်ပြီးတော့ ဗလီမှာ ရှိတဲ့ ဘာသာရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာကို ဝင်ရောက်လာတဲ့နေ့က ပြည်သူတွေရဲ့ အိမ်တလုံလည်း မီးလောင်ခဲ့ပါသေးတယ်။
အခုအချိန်မှာ အင်းကျေးရွာအုပ်စုက ထွက်ပြေးတိမ်းရှောင်ရတဲ့ အိမ်ထောင်စု ၅၀၀ ခန့်ရှိပြီးတော့ လူဦးရေ ၂၀၀၀ ကျော် ရွာတွေကနေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ကသာမြို့ထဲက ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။