စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရဲတပ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နိုင်ဖို့အတွက် လမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ကသာမြို့နယ် ပ.က.ဖ က ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေလည်း CDM ဝင်ရောက်မှုကို ၂၀၂၂ ခုနှစ်ကတည်းက ပိတ်လိုက်ပြီဖြစ်ပေမဲ့ အလင်းဝင်နိုင်တယ်လို့ ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
ကသာမြို့နယ်ထဲက ပ.အ.ဖ/ပ.က.ဖ တွေ အနေနဲ့လည်း ဝန်ထမ်းတွေနဲ့ ရဲတပ်သားတွေကို အလင်းဝင်ဖို့နဲ့ CDM ဝင်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းဖို့ စာပို့တာတွေ၊ ဒရုန်းတွေကို အသုံးပြုပြီး စာဖြန့်တာတွေ ပြုလုပ်နေတာလို့ သိရပါတယ်။
နိုဝင်ဘာလက ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ထီးချိုင့်မြို့ကို ဝင်ရောက်တိုက်ခိုက်တဲ့အချိန်နောက်ပိုင်း ကသာမြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သား၊ ရဲတပ်သားတွေ CDM ပြုလုပ်တာ၊ အလင်းဝင်ရောက်တာတွေရှိတယ်လို့ မြို့နယ် ပ.က.ဖ တာဝန်ခံက ပြောပါတယ်။
ကသာမြို့နယ်ထဲက ဝန်ထမ်းတွေကို ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အလင်းဝင်ရောက်ဖို့ ကြေညာချက် ၂ ကြိမ် ထုတ်ပြန်ကြေညာခဲ့ရာမှာ ပထမအကြိမ် ၅၆ ဦးနဲ့ ဒုတိယအကြိမ်မှာ ၂၉ ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကသာမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ ကသာမြို့ပေါ်မှာသာ ကျန်ရှိတော့တာဖြစ်ပြီး မြို့ပြင်ကျေးလက်တွေကိုတော့ NUG လက်အောက်က အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီလို့ သိရပါတယ်။