မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာအုပ်စု၊ နန်းကြီးရွာရှိ မင်းနှစ်ပါးနတ်နန်း တောင်ဘက်ကပ်ရက်ရှိ လူနေအိမ်တွေမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက မီးလောင်ပြီး အိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်လို့ မန္တလေးမြို့ခံ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မီးလောင်မှုဟာ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး မီးလောင်မှုနေရာကို မတ္တရာမြို့နယ်မီးသတ်၊ အနီးနားက မြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။
မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းဝင်တဦးက “အိမ် ၁၀ လုံးကျော်လောက် ပါသွားတယ်။ တောင်ပြုန်းက နန်းကြီးရွာမှာပါ။ မီးလောင်အားကောင်းတယ်။ တောင်ပြုန်းပွဲမှာဆို နတ်ဟောတာတို့ လုပ်တဲ့အိမ်တွေပါ။ တိုက်တွေရော အိမ်တွေရော ပါတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ Level 2 နဲ့ ငြှိမ်းတာပါ။ လူမှုရေးအသင်းလည်း ၅ သင်းလောက်ပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ပွဲတော်ကာလမှာ နတ်ဟောခန်းငှားရမ်းဖို့ ဆောက်လုပ်ထားတဲ့ သွပ်မိုးပျဉ်ထောင်အိမ်တွေနဲ့ အုတ်အဆောက်အဦတွေ မီးစွဲလောင် ပျက်စီးသွားတယ်လို့ သိရပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို မန္တလေးတိုင်းမီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။
အောင်မြေသာစံမြို့နယ် မီးသတ်စခန်း၊ မတ္တရာမြို့နယ် မီးသတ်စခန်းနဲ့ ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းတို့က မီးသတ်ယာဉ် ရေသယ်ယာဉ်တွေနဲ့ အချိန်မီ ငြှိမ်းသတ်ခဲ့တာကြောင့် နေ့လယ် ၁၂ နာရီ ၃၆ မိနစ်မှာ မီးထိန်းနိုင်ကာ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားပါတယ်။