စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မှာ စစ်ကောင်စီက တပ်သားအင်အား ၅၀၀ နီးပါး ကင်းချထားပြီး မြောင် PDF တံဆိပ်တွေ ဝတ်စုံတွေကိုအသုံးပြုကာ ပြည်သူတွေအထင်လွဲမှား အောင် လုပ်ဆောင်နေတယ်လို့ ဒေသခံ PDF တာဝန်ရှိသူတွေက ပြောပါတယ်။
မြင်းမူ-မြောင်-ချောင်းဦး လမ်းတစ်လျှောက်မှာ စစ်သားအင်အား ၂၀၀ လောက် နေရာစိပ်စိပ် ၅ ယောက်တစ်စုစီ နေရာချထားတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် CDSOM ခေါင်းဆောင် ကိုမင်းခေါင်က ပြောပါတယ်။
ချောင်းဦး-မုံရွာလမ်းတစ်လျှောက်မှာလည်း အလားတူ တပ်သားအင်အားအများအပြား ကင်းချထားပြီး နှစ်ဖက်စောင့်ကြည့်နေကာ အခြေအနေ တင်းမာနေတယ်လို့ ဆိုပါတယ်။
မြောင်မြို့ပေါ်မှာတော့ မြောင် CDSOM က ထုတ်လုပ်ဖြန့်ဝေထားမဟုတ်တဲ့ CDSOM လိုဂိုတံဆိပ်ပါ ဦးထုပ်တွေ၊ အင်္ကျီတွေ ဝတ်ဆင်ပြီး ပြည်သူတွေအထင်မှားအောင် ပြောဆိုပြုတာမျိုးတွေလည်းရှိနေတယ်လို့ ကိုမင်းခေါင်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တရားဝင်စစ်တပ်အဖြစ်ယုံကြည်တယ်ဆိုရင် ယူနီဖောင်းဝတ်ပြီး ပေါ်ပေါ်တင်တင်တိုက်ဖို့ စိန်ခေါ်ချင်တယ်လို့ (မြောင် CDSOM) ကိုမင်းခေါင်က ဆိုပါတယ်။
"မြို့ထဲမှာလည်း သူလိုလို ကိုယ်လိုလို အရပ်ဝတ်နဲ့ နေရာယူထားတယ်။ စစ်ရေးအရပြောရရင် သူတို့ကလည်း သူတို့ကြိုက်တဲ့ပုံစံ ဗျူဟာခင်းတဲ့သဘောပေါ့။ ကျနော်တို့ကလည်း မျက်ခြေမပြတ်ကြည့်နေတယ်ဗျ။ အနေအထားတွေကို စောင့်ကြည့်နေတယ်။ လတ်တလောမှာ သာမန်မိုင်းဆွဲတယ်။ ရှေ့ဆက်တိုးမလာအောင်ထိန်းတဲ့အနေအထားနဲ့ သွားနေတယ်။ ခုလှုပ်ရှားနေတဲ့ပုံကသူတို့ကိုယ်သူတို့ စစ်တပ်ဆိုတာကို အယုံအကြည်မရှိတဲ့ပုံဗျ။ ဘာကြောင့်လဲဆို တရားဝင်ပါတယ်လို့ ယုံကြည်တယ်ဆိုရင် သူတို့အဝတ်အစားနဲ့သူတို့ထွက်ရမယ်လေ။ မိန်းမကျင့် မိန်းမဉာဏ်ဆိုတာထက် ကူလီကူမာဉာဏ်ပေါ့ဗျာ။ တချို့မိန်းမတွေက ထက်မြက်တယ်ဗျ။ နှိုင်းလို့မရဘူး။ ကူလီကူမာဉာဏ်လို့ပဲ ပြောရမယ်။ ကျနော်တို့ PDF တွေက ကိုယ့်ဝတ်စုံ ကိုယ်ဝတ်ပြီး တိုက်တာဗျ။ သတ္တိရှိတယ်ဆိုရင် ရဲရဲဝံ့ဝံ့လာတိုက်။ ပြည်သူကို မထိနဲ့။ တရားသောစစ်အတွက် ကျနော်တို့က သတ္တိရှိရှိတိုက်ရဲတယ်။"
စစ်ကောင်စီက မြောင်မြို့နယ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် လူသတ် အိမ်မီးရှို့တာတွေအားလုံးကိုလည်း ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ သိမ်းဆည်းထားပြီး ကမ္ဘာကို တင်ပြသွားမယ်လို့ ကိုမင်းခေါင်က ပြောပါတယ်။
ပုလဲမြို့နယ် PDF ခေါင်းဆောင်ဗိုလ်နဂါးကလည်း အလားတူမှတ်တမ်းတွေကို စနစ်တကျသိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ တကယ့်အစစ်အမှန်တွေဖြစ်ပြီး စစ်ကောင်စီပြောသလို ပြည်သူက ကိုယ့်အိမ်ကိုယ်မီးရှို့စရာ ဘာအကြောင်းမှ မရှိဘူးလို့ ကနီဒေသခံတစ်ယောက်ကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာအသီးသီးက ဘုန်းတော်ကြီးတွေက ကောက်နှံသိမ်းချိန်မှာ အကြမ်းမဖက်ဖို့ စစ်ကောင်စီကို မေတ္တာရပ်ခံထားပေမယ့် စစ်ကောင်စီက အကြမ်းဖက်တာတွေ ဆက်လက်ကျူးလွန်နေတာပါ။
ဖေဖော်ဝါရီ ၂၁ ရက်က ရိုဟင်ဂျာတွေကိုလူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံးမှာ ကြားနာမှုတွေပြန်လည်ပြုလုပ်နေပေမဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို စစ်ကောင်စီက ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။
မြောင်မြို့နယ်ဟာ ၂၀၂၁ ဒီဇင်ဘာ ၄ ရက်က မြို့နယ်တွင်း နယ်မြေစိုးမိုးနိုင်ပြီလို့ PDF တွေက ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာ စစ်ကောင်စီရဲ့ ဖိအားပေးအကြမ်းဖက်တာကို ပိုမိုကြုံတွေ့နေ ရတဲ့ မြို့နယ်ဖြစ်ပါတယ်။