တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တစ်ခုမှာ စစ်တပ်က ထောင်ထားတဲ့ ခြေနင်းမိုင်းကို ဖေဖော်ဝါရီလ ၂၃ ရက် နေ့လယ် ၁ နာရီလောက် နွားတကောင်တက်နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်နာရီလောက်အကြာမှာ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် တက်နင်းမိတဲ့ နွားကတော့ ခြေထောက် ကြီးကြီးမားမားဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
ရွာခံတစ်ဦးက "၁ နာရီလောက်မှာ ဘုန်းကြီးကျောင်းထဲက တာဝါတိုင်မှာပေါက်ကွဲတာ၊ စစ်တပ်ကထောင်ထားတဲ့မိုင်း နွားတက်နင်းပြီးပေါက်တာ၊ အသံကတော်တော်ကြမ်းတယ်၊ နွားကတော့ ပေါင်တစ်ခြမ်း ဒဏ်ရာရသွားတယ်" လို့ ပြောပါတယ်။
နိုင်ငံတဝန်း မိုင်တဲလ်တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တွေမှာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ခြံစည်းရိုးခတ်တာ၊ ခြေနင်းမိုင်းထောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။