ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အနီး သဗျာကျေးရွာက စားသောက်ဆိုင်တစ်ခုမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ လူငယ် ၃၄ ဦးအနက် ၂၉ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ လောင်းလုံးမြို့မရဲစခန်းကနေ အာမခံနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မလွတ်ဘဲ ကျန်ခဲ့တဲ့ လူငယ် ၅ ဦးကတော့ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသားတွေဖြစ်ကြပြီး အဖမ်းခံရစဥ် အင်္ကျီအနက်ဝတ်ဆင်ထားတာ၊ သနပ်ခါးလိမ်းထားတာတွေ ရှိတဲ့အတွက် အမှုဖွင့်တရားစွဲခံရနိုင်တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ လောင်းလုံးမှာ ဖေဖော်ဝါရီ ၂၂ရက်နေ့က စားသောက်ဆိုင်တစ်ခုမှာ မွေးနေ့ပွဲလုပ်နေတဲ့ အသက် ၁၈ နှစ်ဝန်းကျင်အရွယ်ရှိ လူငယ် ၃၄ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့သူ ၂၉ ဦးကတော့ အာမခံနဲ့ ခံဝန်ထိုးတာအပြင် ပိုက်ဆံ သုံးသောင်းခွဲစီ ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ "ပြန်လည်စုရုံး နှစ်ခြောက်လုံး" လူထုလှုပ်ရှားမှာ လောင်းလုံးမြို့နယ်အတွင်းက လူငယ်တွေကလည်း သပိတ်စစ်ကြောင်းထွက်တာ၊ လမ်းပေါ် ပန်းပွင့် ပန်းစည်းတွေချတာ၊ သနပ်ခါးလိမ်းတာတွေ ပြုလုပ်ပြီး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။
ပုံစာ- လောင်းလုံးလူငယ်တွေ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လှုပ်ရှားမှုပြုလုပ်ခဲ့ကြစဉ်