မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အစပ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေအထိ ၃ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၂၁ ယောက် သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်က ပြောပါတယ်။
လောင်းရှည်မြို့ကနေ ကျင်ဒွေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို CDF-ကန်ပက်လက်က မနက် ၈ နာရီမှာ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီမှာ တစ်ကြိမ် စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း CDF-ကန်ပက်လက်နဲ့ PDF ဆောတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် ရေရှောင်လမ်းမြက်ခင်းပြင်နားမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF-ကန်ပက်လက်၊ CDF-Daai နဲ့ PDF-ဆော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်တွေဟာ မဆာတွီကျေးရွာက နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ခိုးယူသလို မောချောင်းရွာက ပြည်သူတွေရဲ့နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားကာ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းခိုးယူသွားတယ်လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။