တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်ကတည်းက စစ်ကောင်စီတပ်က စစ်ကားဆယ့်တစ်စီး အင်အား ၁၀၀ ကျော်နဲ့ သွားလာစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်သေနတ်တပ်ဆင်ထားတဲ့ စစ်ကားငယ် ၅ စီးအပါအဝင် ကား ၁၁ စီးဟာ ထားဝယ်မြို့အတွင်း လှည့်ပတ်သွားလာစစ်ဆေးခဲ့ပြီး ည ၉ နာရီခွဲအချိန်လောက်မှာတော့ ခြောက်လှန့်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဒါ့အပြင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်တွေမှာလည်း စစ်သား၊ ရဲ၊ ယာဥ်ထိန်းရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းပြီးတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။
"ကားက ဆယ့်တစ်စီးရှိတယ်၊ အင်အားလည်းအပြည့်ပဲ။ စက်သေနတ်တပ်ထားတဲ့ ကားငယ်က ၅ စီးပါတယ်၊ ညအချိန်ထိ သွားနေတုန်းပဲရှိသေးတယ်၊ လမ်းကြားတွေထဲအထိပါ ဝင်နေတယ်။”
အခုလို စစ်ဆေးနေတာဟာ ဖေဖော်ဝါရီ ၂၂ရက်နေ့မှာပြုလုပ်မယ့် "ပြန်လည်စုရုံး နှစ်ခြောက်လုံး" လူထုလှုပ်ရှားမှုကို မအောင်မြင်အောင် ထိန်းချုပ်ချင်တာကြောင့် ဖြစ်တယ်ဆိုပြီး ထားဝယ်ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ထားဝယ်အပါအဝင် နိုင်ငံတဝှမ်း သပိတ်အင်အားစုတွေကတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ "ပြန်လည်စုရုံး နှစ်ခြောက်လုံး" လူထုလှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ထားဝယ်မြို့တွင်းနဲ့ မြို့အဝင်ဂိတ်တွေမှာလည်း ဒီနေ့မနက်ကစတင်ပြီး စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။