စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် မုံရွာ-ပုသိမ်လမ်းဘေးဝဲယာရှိ ပြည်သူတွေကို ဖေဖော်ဝါရီ ၂၀ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက ပြည်သူ ၆ ဦးထက်မနည်း အဖမ်းခံခဲ့ရပြီး ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့လာလို့ ကြောက်လန့်တကြီး ထွက်ပြေးရာကနေ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာကြကာ ကျည်ထိမှန်သူကိုတော့ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ ခွဲ အမှတ် ( ၂၈)နဲ့ ဆားလင်းကြီးမြို့နယ် မြန်မာ ဝမ်ပေါင် လုပ်ကွက်ကြား မုံရွာ-ပုသိမ် ကားလမ်းဘေးဝဲယာအနီးမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်နဲ့ ကြက်မွေးမြူရေးခြံအပါအဝင် အခြားအဆောက်အဦတွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်ထိ လမ်းဘေးဝဲယာမှာ စစ်ကောင်စီတပ်သားတွေ ရှိနေသေးတာကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ အဆောက်အဦအရေအတွက် အတိအကျမသိရသေးဘဲ မီးထဲပါသွားတဲ့ ကြက်မွေးမြူရေးခြံ ၃ ခြံက မွေးမြူထားဆဲ ကြက်တွေပါ မီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဘာကြောင့် အခုလိုလုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂၈) တပ်ဝင်းကနေ မနက် ၇ နာရီလောက်မှာ သေနတ်တွေ ပစ်ဖောက် ထွက်ခွာလာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမီးရှို့နေတာကြောင့် မုံရွာ-ပုသိမ် ကားလမ်းတစ်လျှောက်အနီးမှာရှိတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။