စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ကလေးမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ မုတ်စီကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေဦးပကဖ က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေဦးမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး မုတ်စီရွာကို ဝင်ရောက်ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။
ရေဦးမြို့နယ်ပကဖ တာဝန်ရှိသူ တစ်ဦးက “အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တဲ့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ ကိုယ်ရွာကို လာဖျက်ဆီးတော့ သူတို့ ရွာထဲကအပြန် မိုင်းထောင်ပြီး မိုင်းဆွဲတာ။ သူတို့ ဘက်ကတော့ အကျဆုံး မသိရဘူး။ ပြည်သူကာကွယ်ရေးအဖွဲ့ကတော့ ရဲဘော်နှစ်ဦး ကျတယ်။ မြေပြင်မှာ ဖြစ်နေတာက တိုက်ပွဲတိုက်ဖို့ လူတွေရှိပြီး လက်နက် မရှိ ဖြစ်နေတာ။ အဲဒါလေးကို အမြန်ဆုံးကူကြ၊ လှူကြပါ” လို့ ပြောပါတယ်။
ရေဦးမြိုနယ်အတွင်း ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဘိုရုံရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ကလေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိတယ်လို့ CDF-KKG ကနေ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကြာအင်းကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မနေ့က မနက် ၁၀ နာရီလောက်မှာ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိတယ်လို့ CDF-KKG ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲကို CDF-KKG၊CDF-ဟားခါး ၊CNDF၊PDF-ကလေး၊ RKDFနဲ့ ကလေး ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ရွာမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်တွေကို CDF-KKG က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။