ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက စစ်ကောင်စီရဲ့ အဓိက စီးပွားရေး ဒေါက်က်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် တစ်တိုင် မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ပေါင်းတည်မြို့နယ်မြောက်ဘက် တောင်ပေါ်ဒေသ သိမ်ကုန်ကျေးရွာက မိုင်တဲလ်တာဝါတိုင်ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ည ၁၀ နာရီလောက်မှာ ပေါင်းတည် PDF က မိုင်းခွဲဖျက်ဆီးခဲ့တာကြောင့် စက်ခန်းမီးလောင်ပျက်စီးသွားတယ်လို့ ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းဟာ စစ်ကောင်စီကို အဓိက ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေတဲ့လုပ်ငန်း ဖြစ်သလို ပြည်သူလူထုဆီကနေ မတရားကုတ်သွေးစုပ် အမြတ်ထုတ်ပြီး အင်တာနက် Data စျေးနှုန်းတွေ အဆမတန် ကောက်ခံနေတာကြောင့် ဖောက်ခွဲ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ပေါင်းတည် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက "ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်တွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တယ်" လို့ ပြောပါတယ်။
ပေါင်းတည်မြို့ ကြူတော်ကုန်းသုသာန်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။