ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းမှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၃ နာရီလောက်က ဗုံးပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်အတွင်း လုံခြုံရေး ယူပေးထားတဲ့ စစ်ကောင်စီ တပ်သားတွေကို တောင်ငူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
“တောင်ငူမှာဆို ဒီစီးပွားရေးဘဏ်က နာမည်ကြီးပဲ။ ည ၆ နာရီလောက်ဆိုရင် ဘဏ်ကို လုံခြုံရေး ယူပေးထားတဲ့ စစ်သားတွေက အရက်တွေမူးပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာ တားဆီးစစ်ဆေးတာတွေပြုလုပ်နေလို့ သတိပေးတဲ့အနေနဲ့ ဗုံးနဲ့ပစ်ခဲ့တာ” လို့ SP.P.K ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
SP.P.K တပ်ဖွဲ့က ပစ်လိုက်တဲ့ဗုံးဟာ ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။
တောင်ငူမြို့အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ဘဲ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ပေးကြဖို့နဲ့ လိုက်နာဆောင်ရွက်ချင်းမရှိပါက ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ SP.P.K ပြောက်ကျားတပ်ဖွဲ့က သတိပေးပါတယ်။