မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရေးကြီးတယောက်ဟာ နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ခံထားရသူထံကနေ လာဘ်ငွေကြေးရယူခဲ့မှုနဲ့ တာဝန်က ရပ်ဆိုင်းခံထားရတယ်လို့ ရှေ့နေအသိုင်းအဝိုင်း က သိရပါတယ်။
တာဝန်က ရပ်ဆိုင်ခံထားရတဲ့သူဟာ ချမ်းမြသာစည်မြို့နယ်တရားရုံးက စာရေးဖြစ်ပြီး တရားသူကြီးကို ငွေပေးရမယ်ဆိုကာ ရှေ့နေနဲ့ ပေါင်းပြီး တရားစွဲခံထားရသူ ထံက ငွေတောင်းခဲ့တာလို့ ဆိုကြပါတယ်။
“ဖြစ်တာက ဇန်နဝါရီလထဲက ဖြစ်တယ်။ အမှုသည်က ပြန်တိုင်တာလို့ ပြောကြတယ်။ ရှေ့နေလည်း အတိုင်ခံရတယ်။ ရှေ့နေကတော့ လိုင်စင်အသိမ်းခံရမယ်ထင်တယ်။ စာရေးကြီးကတော့ ပြုတ်သွားတယ်။” လို့ ရှေ့နေတဦး က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တရားစီရင်ရေးမှာ ဖမ်းဆီးခံနိုင်ငံရေးလှုပ်ရှားသူတွေထံကနေ ငွေကြေးတောင်းခံတာတွေ ပေါ်ပေါ်ထင်ထင်လုပ်နေပြီး တိုင်ကြားလို့ ပေါ်ပေါက်ခဲ့ရင်လည်း ဥပဒေအရ အရေးယူတာမရှိပဲ ထုတ်ပယ် အရေးယူတာပဲ ရှိတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးခံရသူတွေထံက ငွေညစ်မှုတွေကို တရားရုံးတွေမှာသာမက ရဲစခန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေသလို ရပ်ကွက်အတွင်း စစ်အုပ်စုနဲ့ အပေါင်းပါတွေက လောင်းကစားဝိုင်းတွေကို ငွေကြေးရယူ (လိုင်းကြေး) ကာ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်စေတာတွေလည်း တွေ့ရပါတယ်။