မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရာဘာဈေးတွေ ဈေးကောင်းရလာပေမဲ့ အစေးခြစ်လုပ်ငန်းတွေ ယာယီရပ်နားထားခဲ့တာကြောင့် ရာဘာစိုက်ပျိုးတောင်သူမှာ ဝင်ငွေတွေ ထိခိုက်နစ်နာခဲ့ကြပါတယ်။
ရာဘာ ဈေးနှုန်းဟာ ရာသီအစမှာ တစ်ပေါင် ကျပ် ၆၀၀ ဝန်းကျင်သာ ရရှိခဲ့ပေမဲ့ လက်ရှိ ရာဘာ တစ်ပေါင် ကျပ် ၁၁၀၀ နီးပါးလောက်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ခြံရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိကာလက ရာဘာခြံအများစု အစေးမခြစ်ဘဲ ယာယီပိတ်သိမ်းထားကြတာဖြစ်လို့ ရာဘာ အထွက်နှုန်းကလည်း ရာခိုင်နှုန်း ထက်ဝက်ကျော်နီးပါးလောက်ထိ ကျဆင်းလာတာ ဖြစ်တယ်လို့ ခြံသမားတွေက ပြောပါတယ်။
လခစား အစေးခြစ် လုပ်သားတွေမှာလည်း ရရှိတဲ့ လစာနဲ့ အခုလို အခြေခံစားသောက်ကုန်တွေ သယ်ယူစရိတ်တွေ ကြီးမြင့်လာနေတဲ့အချိန်မှာ လုပ်အားခတွေ သိပ်ပြီး မကျန်ဘူးလို့ ခြံအလုပ်သမား တဦး က ပြောပါတယ်။
ရာဘာစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ရာဘာဆက်စပ် ကုန်ကြမ်း ပစ္စည်းတွေမှာ ၂ ဆကျော်လောက် မြင့်တက်သွားတယ်ဆိုပေမဲ့ အခု ရရှိတဲ့ ရာဘာဈေး တွေက ဈေးကသာ ရပါတယ်။ ခြံကုန်ကျစရိတ်နဲ့သာဆို ငွေက ထင်သလို မရပါဘူးလို့ ခြံရှင်တွေက ဆိုပါတယ်။
မွန်ပြည်နယ်တခုလုံးမှာ ရာဘာစိုက်ဧက ၅ သိန်းကျော် ရှိပြီး နှစ်စဉ်ရာဘာတန်ချိန် ၁ သိန်းကျော် ထွက်ရှိခဲ့ပြီး ထွက်ရှိလာတဲ့ ရာဘာတွေကိုတော့ တရုတ်နိုင်ငံဘက်ကို အဓိကတင်ပို့ရောင်းချ ပါတယ်။