စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပဲခူးတိုင်း ရေတာရှည်မြို့နယ်နဲ့ နေပြည်တော် လယ်ဝေးမြို့နယ်ထဲမှာ သစ်ခိုးထုတ်ယူမှုတွေ အရင်ကထက် ပိုမိုများပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလမ်းတစ်လျှောက်မှာ သစ်ခိုးထုတ်ယူတဲ့သူတွေက ဆိုင်ကယ်တွေနဲ့ သစ်တွေကို သယ်ဆောင်ပြီး ခိုးထုတ်နေကြသလို ဆိုင်ကယ်တစ်စီးကို သစ်တန်ချိန် တစ်ဝက်ကျော် တင်နိုင်တယ်လို့လည်း သစ်ခိုးထုတ်နေသူတွေက ဆိုပါတယ်။
ပဲခူးရိုးမသစ်တောတစ်လျောက်ကနေ ကျွန်းသစ်တွေကို ခိုးထုတ်နေတဲ့ဆိုင်ကယ်တွေဟာ တစ်နေ့ကို အစီး ၁၀၀ နဲ့ ၅၀ ကြားထဲရှိတဲ့အတွက် တစ်နေ့ကို ကျွန်းသစ်တန်ချိန် ၅၀ ဝန်းကျင်ခန့် ခိုးယူခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီလို သစ်ခိုးထုတ်နေတဲ့လမ်းတစ်လျှောက်မှာ သစ်တောဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဂိတ်တွေ အပြင် စစ်ကောင်စီဂိတ်တွေရှိပြီး အဆိုပါဂိတ်တွေကို သစ်ခိုးထုတ်နေသူတွေက ဂိတ်ကြေးပေးပြီး ဖြတ်သန်း သွားလာရတယ်လို့လည်း သစ်ခိုးထုတ်နေသူတွေထံက သိရပါတယ်။
ဒေသတွင်းမှာ အဲဒီလို သစ်ခိုးထုတ်ယူမှုတွေ များပြားလာတဲ့အတွက် ဒေသအခေါ် လယ်မ သစ်တော ကြိုးဝိုင်းထဲက ကျွန်းသစ်ပင် အရင့်အမာတွေ ဆုံးရှုံးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။