ကနီမြို့နယ် ဝင်မနားနယ်မြေရဲစခန်းက ရဲတပ်သား ၂ ဦး ဖေဖော်ဝါရ ၁၅ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ထံ လက်နက်ချ အလင်းဝင်ရောက်ခိုလှုံခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်းအဖွဲ့က ပြောပါတယ်။
“လက်နက်ကတော့ G4 တစ်လက်၊ ကျည်အတောင့် ၃၅၀ ရယ်၊ ကျည်ဘောက် နှစ်ခုရယ် ပါလာတယ်။ သူတို့ လုံခြုံရေးအရ ကျနော်တို့ သတင်းမထုတ်ဘဲထားခဲ့တာပါ။ အခုတော့ သူတို့ လွတ်မြောက်နယ်မြေရောက်သွားပြီ။ လက်နက်ကိုတော့ စာရင်းဇယားလုပ်ပြီး NUG အစိုးရထံ တင်ပြအပ်နှံထားပါတယ်” လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။
ကနီမြိုနယ် ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နှစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် စစ်ကောင်စီက လူအင်းအားဖြည့်တင်းထားပါတယ်။
ဒါပေမဲ့ တပ်သားတွေကို ရိက္ခာလုံလုံလောက်လောက်မပေးတာ၊ သတင်းအချက်လက် အမှောင်ချ ထားတာတွေ ရှိနေတာကြောင့် စခန်းအတွင်း မညီမျှချက်တွေလည်း ရှိနေတယ်လို့ CDM ဝင်လာတဲ့ရဲတပ်သား နှစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီဝင်မနား နယ်မြေရဲစခန်းဟာ ကနီမြို့ရဲ့မြောက်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကနေ ၁၅ မိုင်ခန့် မှာ တည်ရှိတဲ့ရဲစခန်းတစ်ခုလည်းဖြစ်ပါတယ်။