ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်သားတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတာကြောင့် ရပ်ကွက်တချို့က ပြည်သူတွေ ရွှေ့ပြောင်းနေထိုင် နေရပါတယ်။
ရွှေ့ပြောင်းနေထိုင်နေရတဲ့ ရပ်ကွက်တွေက မိုးမောက်မြို့ ခါနန်ရပ်ကွက် အထက်ပိုင်းနဲ့ ဝဝမ်ကွမ်ဘန်ရွာက ပြည်သူတွေဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“နေ့လယ်လောက် စစ်တပ်(စကစ) တက်လာတယ်။ ခါနန်ရွာထိပ်ဘက်ရောက်တော့ သေနတ်တွေပစ်တယ်။ အကြီးကော အသေးကော အသံစုံနေတာပဲ။ ကြောက်လွန်းလို့ ခေါင်းတောင် မဖော်နိုင်ဘူး။ ဝဝမ်ရွာက တစ်ရွာလုံးနီးပါရှောင်ကုန်ပြီး ခါနန်က လူတွေကော ရှောင်နေကြတယ်” လို့ ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ မိုးမောက်မြို့ မြို့ပေါ်ရပ်ကွက်က အသိဆွေမျိုးတွေနဲ့ ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်သားတွေ ရောက်ရှိနေတဲ့ မိုးမောက်မြို့အထက်ပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး တက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။
“ပထမပစ်တာက သူတို့ (စကစ) ကေအိုင်အေ နဲ့တွေ့ပြီး ဖြစ်တာလည်း မဟုတ်ဘူး။ လူနေရပ်ကွက်ပဲရှိသေးတယ် ရမ်းပစ်တာပေါ့၊ ရမ်းပစ်ပြီး တက်သွားတာ။ လူမရှိတဲ့နေရာ ရောက်တော့ ကေအိုင်အေက စောင့်ပြီးတိုက်တာထင်တယ်၊ မိနစ်နှစ်ဆယ်လောက်ပစ်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရမ်းသန်း ပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာပြင်းထန်သလို ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးထိခိုက်တာတွေရှိတယ်လို့ သိရပါတယ်။
ဒီနောက် စစ်ကောင်စီတပ်သားတစ်ချို့က နောက်ပြန်လှည့်ဆုတ်သွားပေမဲ့ အများစုက မြို့အထွက် ပတ်ဝန်းကျင်တွေမှာ ရှိနေသေးတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုးမောက်မြို့မှာ လွန်ခဲ့တဲ့ လပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက ကေအိုင်အေတပ်ရှိတဲ့ မိုးမောက်မြို့ အထက်ပိုင်းကို စစ်ကြောင်းထိုးဖို့ လမ်းသွားလမ်းလာ ပြည်သူ ၂၀ ကျော်ကို စစ်ကြောင်းရှေ့ဒိုင်းကာအဖြစ်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။