မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နဲ့ သထုံမြို့နယ်တွေထဲက စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲဖြစ်တဲ့ အိုမီခရွန်ကူးစက်မှုတွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အများအပြား တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းပရဟိတအသင်းတွေက ပြောပါတယ်။
သိမ်ဇရပ်မြို့မှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းဆရာမတစ်ယောက် နေမကောင်းဖြစ်တဲ့အတွက် စစ်ဆေးကြည့်တဲ့အခါမှာ အိုမီခရွန် ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ ရှိခဲ့ပြီး ကျောင်းသားတွေကို ဆက်လက်စစ်ဆေးကြည့်ခဲ့ရာမှာတော့ ကျောင်းသား ၃၁ ဦးက ကူးစက်ခံနေရတယ်လို့ သိမ်ဇရပ် လူမှုကူညီရေးအသင်းက ပြောပါတယ်။
ဒါ့အပြင် သထုံမြို့နယ်ထဲက အခြေခံပညာ မူလတန်းကျောင်းမှာလည်း ကျောင်းသားတစ်ဦးမှာ အိုမီခရွန် ကူးစက်ခံနေရတဲ့အတွက် နောက်ထပ် ကျောင်းသားတွေကိုစစ်ဆေးကြည့်ခဲ့ရာမှာတော့ ကျောင်းသား ၅ ဦးကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ အိုမီခရွန် ကူးစက်ခံနေရသူတွေကို ကွာရင်တင်း ဝင်ခိုင်းထားပြီး မွန်ပြည်နယ်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလပထမပတ်ကစလို့ အိုမီခရွန် ကူးစက်ခံရသူ ရာနဲ့ချီရှိနေတယ်လို့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ကိုဗစ်-၁၉ မျိုးရိုးဗီဇမျိုးကွဲတစ်ခုဖြစ်တဲ့ အိုမီခရွန်ကူးစက်ရောဂါပိုးကြောင့် မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၂၄၆၇ ဦးရှိခဲ့ပြီး အဲဒီထဲက ၃ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။