စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ ဝင်ထွက်သွားလာနေတဲ့ ယင်းမာပင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးကို ဆရာစံ -PDF အထူးပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင့် စစ်ကောင်စီတပ်သား ၆ ဦး သေပြီး ၂ ဦး ဒဏ်ရ ရသွားတယ်လို့ ဆရာစံ YMB-PDF က ထုတ်ပြန်ပါတယ်။
တပ်စွဲထားမျိုးမဟုတ်ဘဲ စစ်ကောင်စီတပ်တွေနေ့စဉ် ဝင်ထွက်သွားနေတဲ့ ယင်းမာပင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးကို ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီ အချိန်က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီ တပ်သားတွေ မရှိလို့ မီးသတ်ရုံး အပေါ်ထပ်မှာ ဗုံး ၁ လုံး ၊ အောက်မှာ ၁ လုံး နဲ့ အဝင်ဂိတ်ပေါက်နားမှာ ဗုံး ၁ လုံး ထောင်ခဲ့ပြီး ပြန်ဆုတ်ခွာလာခဲ့တယ်လို့ ဆရာစံ-PDF ပြန်ကြားရေးတာခံက ဒီဗွီဘီကိုပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီလောက်မှာတော့ ဗုံး ၂ လုံးခွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် မီးသတ်ရုံး ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။
နောက်တနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ဆေးဖို့ ရောက်သွားချိန် အဝင်ဂိတ်ပေါက်နားမှာ နောက်ထပ် ဗုံး ၁ လုံးပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရပြီး မီးသတ်ဦးစီးမှူးရုံးလည်း ပျက်စီးသွာတာဖြစ်ပါတယ်။
ယင်းမာပင်မြို့မှာ နေထိုင်သူ တစ်ဦးကတော့ “အသံအကျယ်ကြီး ၂ ခါကြားရတယ်။ ညဘက်ဆိုတော့ ထွက်မကြည့်ရဲဘူး၏။ မနက်မှ သိရတာက မြို့နယ်မီးသတ်ရုံး ဗုံးခွဲခံရတာ ဖြစ်နေတယ်”လို့ ပြောပါတယ်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။