မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသခဲ့မှုကြောင့် အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက ၂ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ မနေ့က ထောင်ဒဏ် ၁ လစီ ချမှတ်လိုက်တယ်လို့ မလေးရှားရောက်မြန်မာတွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့နေ့၊ မြန်မာနိုင်ငံ အမှောင်ကျတဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မြန်မာသံရုံးရှေ့မှာ သွားရောက်ဆန္ဒပြသခဲ့ကြတဲ့ ၃၁ ယောက်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
NUG အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အဝေးရောက်မြန်မာနိုင်ငံသားတွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဆန္ဒပြသူတွေထဲက ၂၆ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၅ ယောက်ထဲက ၂ ယောက်ကို တရားမ၀င်နေထိုင်မှုနဲ့ မလေးရှား အာဏာပိုင်တွေက ထောင် ၁ လစီ ချမှတ်လိုက်တာလို့ ဆိုပါတယ်။
ဆန္ဒပြအမျိုးသမီး မကေသီလှိုင်ကိုတော့ အာမခံလျှောက်ထားတာ မလေးရှားနိုင်ငံ တရားရုံး က လက်ခံခဲ့ပြီး ကျန် ၂ ယောက်ကိုတော့ လာမဲ့ ဧပြီလ ၁၈ ရက်နေ့ ရုံးထပ်ချိန်းထားပြီး ဆက်လက်အမှုရင်ဆိုင်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ မလေးရှားနိုင်ငံ ရုံးအဖွဲ့မှူး ကိုစိုးထက်သိန်းက ဒီဗွီဘီကိုပြောပါတယ်။