စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်တွေကို CDF-KKG က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့နယ် ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ညနေ ၄ နာရီလောက်မှာ CDF-KKG က အလစ်အငိုက်ဝင်တိုက်ရာမှာ တစ်နာရီလောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် CDF-KKG ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရန်ကြီးအောင်ရွာမှာ မနေ့က ပြည်သူတွေနဲ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီခဲ့ကြသလို ဒီကနေ့မနက်ပိုင်းမှာလည်း နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
ရန်ကြီးအောင်ရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို ဒေသခံရွာသားတွေကို အကြပ်ကိုင်ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာလည်း CDF-KKG နဲ့ CDF-ဟားခါး ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။