ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တင့်ကား အပါအဝင် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KGZ အပါအဝင် KA /KNDF B-03 ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ နေ့လယ်ပိုင်းကတည်းက မိုးဗြဲမြို့ပေါ် ရောက်ရှိပြီး နေအိမ်တွေပေါ် အဓမ္မ ဝင်ရောက်နေထိုင်တာအပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လူနေရပ်ကွက်တွေထဲ ပစ်ခတ်ခဲ့လို့ မိုးဗြဲမြို့ ၃ ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အကြမ်းဖက်တပ်က မိုးဗြဲမြို့ထဲကို အင်အားအလုံး အရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မြို့လယ်ခေါင် ဈေးနား လူစည်ကားကားတဲ့ နေရာကို အထိုင်ချပြီး ရမ်းသန်းပစ်ခတ်နေလို့ ပြည်သူ့နေအိမ်တစ်လုံးပျက်စီးသွားတယ်"လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရသေးဘဲ ညအချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူလူထုတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် မခံမရပ်နိုင်တဲ့ ပြည်သူလူထုတွေဟာ ရရာလက်နက်နဲ့ ရှမ်း- ကယားနယ်စပ်၊ မိုးဗြဲမြို့ရဲစခန်းကို ၂၀၂၁ ခုနှစ်၊ မေလပိုင်းမှာ ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီချိန်က စတင်လို့ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသမှာ တိုက်ပွဲတွေ စတင်ခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ်မှာရှိတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပြီး အရပ်သားနေအိမ် ဆယ်နဲ့ချီကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လက်ရှိ စစ်ရေးတင်းမာမှုတွေကြောင့် မိုးဗြဲမြို့နဲ့ အနီးနားကျေးရွာက ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။