မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ရေးတံတားကြီး စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၃ နာရီခွဲလောက်က မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ် PDF တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး ပစ်ခတ်မှုကြောင့် နှစ်ဖက်စလုံးရဲ့ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ ရေးတံတားကြီး စစ်ဆေးရေးဂိတ်ဟာ ရန်ကုန်-ရေး-ထားဝယ်- မြိတ် ကားလမ်းမကြီးဘေးမှာ ရှိပြီး မွန်ပြည်သစ်ပါတီနဲ့ KNU ထိန်းချုပ်နယ်မြေဘက်သို့ ဆက်သွယ်ထားတဲ့ လမ်းလည်း ဖြစ်သလို စစ်ကောင်စီတပ်တွေ လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်အနီး ပတ်ဝန်းကျင်မှာ ခြံလုပ်ကိုင်သူတွေနဲ့ လူနေအိမ်တွေရှိပြီး စစ်ကောင်စီ တပ်တွေနဲ့ PDF တွေ မကြာခဏပစ်ခတ်မှုဖြစ်ပွားလေ့ရှိတာကြောင့် ညဘက် မအိပ်ရဲ မနေရဲကြတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လတ်တလော ပစ်ခတ်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော PDF တပ်တွေဘက်ကပါ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။