ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၈ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ KMLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်ကမ်းဘေးကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီရဲ့တပ်စခန်း(စွယ်တော်ကုန်း)က မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းကပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်း ကျည်ဆန်တွေအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖလူးကြီးကျေးရွာသားတစ်ဦးက “စစ်ကောင်စီကရွာကို ဒရုန်းနဲ့ လာရိုက်တော့ ဒီဘက်က ပစ်ချလိုက်တယ်။ နောက် ၂ နာရီလောက်နေတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ လက်နက်ကြီးတွေက ရွာထဲကိုပါကျတယ်။ အခု လေကြောင်းကပါ ဗုံးကြဲနေလို့ ကျနော်တို့ ပြေးရင်ပြောနေရတယ်။”လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ကျေးရွာသား ၂၀၀ နီးပါးဟာ ကိုယ်လွတ်ရုန်းထွက်ပြေးလာနိုင်ပေမဲ့ ကျေးရွာအတွင်းမှာ ပိတ်မိနေသူတွေကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇန်နဝါရီ ၂၇ ရက်က တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲကိုကင်းရွာအနီးက မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက အပြီးပိတ်သိမ်းလိုက်တဲ့အတွက် ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်အနီးမှာ ခိုလှုံနေရပါတယ်။
ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က စစ်ဘေးရှောင်စခန်းကနေ နေရပ်ပြန်လာခဲ့တဲ့ အသက် ၄၀ အရွယ်အမျိုးသမီးဟာ နေအိမ်မှာနေထိုင်နေစဉ် စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့တပ်က သောင်းရင်းမြစ်အတွင်း ပစ်သတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာအနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိခဲ့လို့ ဒေသခံ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။