ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ သင်္ကန်းညီနောင် ကွင်းကလေး ခမရ ၃၅၅ တပ်ရင်းအနီးမှာ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က ရဟတ်ယာဉ် ၂ စင်းပစ်ခတ်ခံရပြီး ရဟတ်ယာဉ် ၁ စင်းပျက်ကျကာ တပ်မ ၄၄ တပ်မှူး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက DVB ကို ပြောပါတယ်။
ကေအန်ယူ၊ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “၃၅၅ မှာ ပစ်ချခံရတဲ့ ရဟတ်ယာဥ်မှာပါလာတဲ့ တပ်မ ၄၄ တပ်မမှူး နေရာမှာ အစားထိုးဖို့လာတဲ့ တပ်မ ၄၄ မှူးအသစ် သေဆုံးသွားတယ်ဆိုတာ မှန်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုပစ်ချနိုင်တဲ့အပေါ်မှာ ထူးထူးခြားခြားပြောစရာမရှိတဲ့အပြင် အရင်တပ်မမှူးအဟောင်းက နည်းနည်းပျော့တာကြောင့် သူထက်မာတဲ့ တယောက်နဲ့အစားထိုးကာ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို နှိပ်ကွပ်ခိုင်းဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အမိန့်နာခံတဲ့သူကို လွှတ်လိုက်တာဖြစ်တဲ့အတွက် ပြည်သူမေတ္တာဆူးပြီး လူဆိုးလူမိုက်တို့ရဲ့ သွားရာလမ်းအတိုင်း သွားရတာလို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
စစ်ရဟတ်ယာဉ်ပစ်ချခံရမှုမှာ DSA အပတ်စဉ် ၄၁ ဆင်း ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ခမရ ၉ တပ်ရင်းမှူး၊ ရဟတ်ယာဥ်မောင်း ဗိုလ်မှူးနဲ့ တွဲဖက် ရဟတ်ယာဥ်မှူး ဗိုလ်ကြီးအပါအဝင် Drone ကျွမ်းကျင် ဗိုလ်ကြီး ၁ ဦးတို့ သေဆုံးခဲ့ပြီး စက်ပြင် အရာခံဗိုလ် ၁ ဦး ဒဏ်ရာရရှိကာ သေဆုံးရုပ်အလောင်းတွေကို နောက်တန်းဌာနချုပ်ကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ဗျူဟာမှူးက ပြောပါတယ်။
စစ်ကောင်စီ တပ်မမှူးအပါအဝင် သေဆုံးသူတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီဟာတွေမှာလည်း အတည်ပြုပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၉ နာရီလောက်ကလည်း ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၃ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှတ် ၇ ရပ်ကွက်၊ တောင်ပေါ်ရပ်က အထက်တန်းကျောင်း မီးကျွမ်းလောင်ခဲ့ရသလို အမှတ် ၁၊ ၂ ၊ ၇ ရပ်ကွက်အတွင်းက လူနေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ည ၁၁ နာရီလောက်ကလည်း မြဝတီမြို့ အနီးက KNLA၊ PDF ထိန်းချုပ်ထားတဲ့ လက်ခတ်တောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။