ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့ရှိ ရွှေဆိုင်ဓားပြတိုက်မှုမှာ သေဆုံးသွားခဲ့တဲ့ ရွှေလာဝယ်သူ မြန်မာအလုပ်သမားကို ဆိုင်ပိုင်ရှင်သူဌေးက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေ ဇနီးဖြစ်သူက ပြောဆိုလိုက်ပြီး ထိုင်းဥပဒေအရ တရားမျှတမှု ဖော်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ခင်ပွန်းဖြစ်သူ ကိုချစ်အာကာ ပစ်သတ်ခံရမှုအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့ (KTG) ရုံးကို ဇနီးဖြစ် မတင်မာဝင်းက မနေ့ နေ့လယ်ပိုင်းက လာရောက် တိုင်ကြားခဲ့တာပါ။
ဖုပ်ဖရမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တာပါ။ စီစီကင်မရာမှတ်တမ်းနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ဓားပြ ၃ ယောက်ဟာ တိုယိုတာဟိုင်းလပ်ကားတစ်စီးနဲ့ ရောက်လာကြောင်း၊ ၁ ယောက်က အပြင်ကနေ အနေအထားစောင့်ကြည့်ပေးပြီး ၂ ယောက်က ရွှေဆိုင်ထဲ ဝင်ရောက်လာကာ သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး အလေးချိန် ၃၀၀ ဘတ် (၂ ပိဿာကျော်ခန့်) ရှိ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားခဲ့ပြီး ရွှေလာဝယ်တဲ့ မြန်မာအလုပ်သမားတဦးကိုလည်း ပစ်သတ်သွားတယ်လို့ ထိုင်းသတင်းတွေ ရေးသားခဲ့တာပါ။
ဒါပေမဲ့ သေဆုံးသွားတဲ့ ကိုအာကာရဲ့ ဇနီးဖြစ်သူ မတင်မာဝင်းကတော့ ဓားပြတွေ လာရောက်ချိန်မှာ သူတို့လင်မယားဟာ ကလေးအတွက် ရွှေဝယ်ဖို့ ရောက်ရှိနေချိန်ဖြစ်ပြီး စိုးရိမ်ကြောက်ရွံ့ကာ ရွှေဆိုင်ကောင်တာ အနောက်ဘက် ပုန်းအောင်းနေတာလို့ ဆိုပါတယ်။
ဒီနောက် ရွှေထည်ပစ္စည်းတွေ ယူဆောင်ကာ ဓားပြတွေ ထွက်သွားချိန်မှာ ရွှေဆိုင်ပိုင်ရှင်က ထွက်လာပြီး ခင်ပွန်းဖြစ်သူ ကိုအာကာအား ပစ်သတ်ခဲ့တာဖြစ်ကြောင်း မျက်မြင် ဇနီးဖြစ်သူ မတင်မာဝင်းက ပြောပါတယ်။
“ကလေးအတွက် ရွှေဆွဲကြိုး အတိုအရှည် ရွေးနေတုန်း နောက်က ဓားပြတွေက ဝင်လာတာ။ ဆိုင်ဝန်ထမ်းနှစ်ယောက်က ဓားပြတွေကို မြင်တယ်။ သမီးတို့က မမြင်ဘူး။ သူတို့က မှန်တံခါးဖွင့်ပြီး ဝင်ပြေးတယ်။ တံခါးက ဖွင့်မရဘူး။ သူတို့ တံခါးကို သေနတ်နဲ့လှမ်းပစ်တယ်။ ဆိုင်ဝန်ထမ်းတွေက ကောင်တာနောက် ဝင်ပြေးတယ်။ သမီးတို့လည်း လိုက်ဝင်ပြေးတယ်။ ဒါပေမဲ့ ဆိုင်ဝန်ထမ်းတွေက တံခါးကို ပိတ်ချလိုက်တယ်။ လိုက်ဝင်လို့မရတော့ဘူး။ ယောက်ကျားက ပြောတယ်၊ မိန်းမ ဝပ်နေဆိုတော့ သူ့ခန္ဓာကိုယ်နောက်မှာ ဝပ်နေတယ်။ သူတို့က သေနတ်တွေနဲ့ မှန်တွေထုခွဲတယ်။ ရွှေတွေ ယူသွားတယ်။ သမီးတို့လင်မယားနှစ်ယောက်လုံးကို သူတို့ တွေ့တယ်။ သူတို့ခြေထောက်တွေလည်း သမီးတို့ တွေ့နေရတယ်။ မျက်နှာတော့ မော့မကြည့်ရဲဘူးပေါ့။ သူတို့ ယူပြီးထွက်သွားတော့ အသံတွေ တိတ်ဆိတ်သွားတယ်။ နှစ်မိနစ်လောက်နေတော့ ကားလည်း မောင်းထွက်သွားပြီ၊ စိတ်ချရပြီဆိုပြီး ယောက်ျားက အပြင်မှာ ဘယ်သူရှိသေးလဲဆိုပြီး ထကြည့်တဲ့အချိန်မှာ သူဌေးကလည်း တံခါးကို ဆွဲဖွင့်ပြီး ယောက်ျားကိုလည်း မြင်ရော သေနတ်နဲ့ပစ်လိုက်တာ။ ယောက်ျားက မေးတယ်၊ မိန်းမ နင့်ကို ထိသွားလားတဲ့၊ မထိဘူးဆိုတော့ ငါ့ကိုတော့ ထိသွားပြီ၊ ငါ သေတော့မလားဆိုပြီး ပြောတယ်။ ဘယ်နေရာထိသွားလဲ မေးတော့ သူ ပြန်မဖြေနိုင်တော့ဘူး၊ အသက် နှစ်ခါလောက်ရှူပြီးတော့ သူ တခါတည်း ငြိမ်ကျသွားတာ လက်ပေါ်မှာပဲ။”
ဆိုင်ရှင်ဖြစ်သူက မှားယွင်းပစ်ခတ်မိတယ်လို့ ပြောပြီး တောင်းပန်ကြောင်း၊ အရေးပေါ်ကားတွေ ရောက်လာပေမယ့် အမျိုးသားဖြစ်သူဟာ အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။
“သူဌေးက ပစ်လိုက်တာကို မြင်တယ်။ သူဌေးက သူကိုယ်တိုင်လည်း လာတယ်။ ယောက်ကျား ပစ်လဲနေတာကိုတွေ့သွားတော့ သူ ပြောတယ်။ အစ်ကို ဘာဖြစ်လို့ ထလာတာလဲ၊ ကျနော် မသိလိုက်လို့၊ လုခါးမှန်း မသိလိုက်လို့ ကျနော် ပစ်လိုက်တာ၊ ကျနော် တောင်းပန်တယ်လို့ ပြောတယ်။ ထိုင်းသတင်းမီဒီယာတွေမှာ တက်နေတာက ဓားပြက ပစ်သတ်သွားတယ်လို့ပဲ အမှုက တက်နေတာ။ အမှန်တကယ် သူဌေးအဘိုးကြီးက ပစ်တာ။ အတွင်းစီစီတီဗွီကင်မရာကို သူတို့ မထုတ်ပြဘူးပေါ့။ သမီးက ထုတ်ပြစေချင်တာပေါ့။ ဓားပြပစ်သွားတယ်လို့ပဲ အကုန်လုံးက ထင်နေတော့ အမှန်တကယ် စီစီတီဗွီကင်မရာ ထုတ်ပြလိုက်ရင် သူဌေးအဘိုးကြီး ပစ်တယ်ဆိုတာ အကုန်လုံးကသိသွားမယ်လေ။ ဖြစ်စေချင်တာက ရွှေဆိုင်ကို ဓားပြတိုက်တာက ဓားပြမှုသက်သက်၊ သမီးယောက်ျားကို သတ်တာက လူသတ်မှုသက်သက်၊ အမှုကို မတွဲစေချင်ဘူး။”လို့ မတင်မာဝင်းက ပြောပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီစောင့်ရှောက်ရေးအဖွဲ့ (KTG) မန်နေဂျင်းဒါရိုက်တာ ကိုသားကြီးကတော့ ကိုချစ်အာကာ ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ အမှုမဖွင့်ရသေးဘဲ တရားမျှတမှုရရေး ကူညီပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“လက်ရှိက ကျနော်တို့က အမှုမဖွင့်ထားသေးဘူး။ သို့သော်လည်း စီစီတီဗွီမှတ်တမ်းကို ရဲက လုပ်ထုံးလုပ်နည်းနဲ့အညီ မီဒီယာတွေနဲ့ ချပြရမယ်။ ကျနော်တို့ အဲဒါ တောင်းဆိုထားတယ်။ နောက်ပိုင်းမှာ ကာယကံရှင် ရွှေဆိုင်ပိုင်ရှင်က ရွှေဝယ်တဲ့ မြန်မာအမျိုးသားကို သူကိုယ်တိုင် ပစ်သတ်တယ်ဆိုတာလည်း အမှန်တရားဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း ဝန်ခံစေချင်တယ်။ နောက်ပိုင်းကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ တရားရုံးအဆုံးအဖြတ်ကို ကျနော်တို့ စောင့်ရတာပေါ့။”
အခုလိုပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင်ဘက်ကတော့ ဝန်ခံပြောဆိုခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အခုလောလောဆယ်တော့ ကိုချစ်အာကာရဲ့အလောင်းကို သင်္ဂြိုဟ်ဖို့ စီစဉ်နေပြီး တာဝန်ယူဖို့နဲ့ တရားမျှတမှုရရှိဖို့ လိုလားတယ်လို့ မတင်မာဝင်းက ပြောပါတယ်။
“သူတို့ လုပ်ထားတဲ့အမှုကို သူတို့ တာဝန်ယူစေချင်တယ်။ သူ သမီးယောက်ျားကို ပစ်လိုက်တာ သမီး မြင်တယ်။ အခုလောလောဆယ် သူက ဘာမှဝန်မခံဘူး။ ကျည်ဆန်အဖြေကို စောင့်နေတယ်ပဲ သူက ပြောတယ်။ ကျည်ဆန်အဖြေကို စောင့်စရာမလိုဘူး။ ရွှေဆိုင်ပိုင်ရှင်သူဌေးက ပစ်သတ်လိုက်တာ ညီမမျက်လုံးနဲ့ တပ်အပ်မြင်တယ်။ သူ့ကိုပဲ တာဝန်ယူစေချင်တယ်။ တရားမျှတစေချင်တယ်။ အမှုမပြီးသေးရင် အလောင်းသင်္ဂြိုဟ်ဖို့ အခက်အခဲရှိတယ်။ အမှုမှန်ပေါ်မှလည်း သေသူလည်း ဖြောင့်ဖြောင့်သွားနိုင်မယ်။ ညီမတို့လည်း သင်္ဂြိုဟ်နိုင်မယ်။ အမှုမှန်ပေါ်အောင်လို့ ကိုသားကြီးကို အကူအညီလာတောင်းတာပါ။ ရွှေဆိုင်အတွင်းက စီစီတီဗွီကို အများပြည်သူသိအောင် ချပြစေချင်တာ။ ဥပဒေအတိုင်း ဖြစ်စေချင်တာ။”
မြန်မာအလုပ်သမား ကိုချစ်အာကာ သေဆုံးမှုနဲ့ပတ်သက်ပြီး မြန်မာသံရုံးကလည်း ဘာမှ ကူညီပေးတာတော့ မရှိသေးပါဘူး။
ဓားပြတိုက်သူတွေကတော့ သူတို့အသုံးပြုတဲ့ကားကို ဖုပ်ဖရမြို့နယ် ဖားကကြို့ကျေးရွာအနီးနဲ့ ဖိနပ်၊ အဝတ်အစားတွေကို ဝါလေအုပ်စု ယဖောကျေးရွာအနီးရှိ ချောင်းစပ်မှာ တွေ့ရပြီး ချောင်းရေကို ကူးဖြတ်ကာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားပြီလို့ ဖုပ်ဖရရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားထားပါတယ်။
ဒီအမှုမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်တိုင် တာ့ခ်ခရိုင်ကို လာရောက်စစ်ဆေးပြီး တရားခံတွေ ဖမ်းဆီးရမိရေးအတွက် မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဟာ ဇနီးဖြစ်သူ မတင်မာဝင်းနဲ့ သားသမီး ၄ ယောက်ကို လုပ်ကိုင်ရှာကျွေးနေတဲ့ အိမ်ထောင်ဦးစီးဖြစ်ပြီး အခုလို ဆုံးပါးသွားတာကြောင့် ကျန်ရစ်သူမိသားစုတွေ အခက်အခဲဖြစ်နေပါတယ်။