ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့၊အမှတ် ၄ ရပ်ကွက်၊ ရွှေကျောင်းသစ် လမ်းမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးမီးကူးစက်လောင်ကျွမ်းခဲ့ကာ အမျိုးသမီး ၁ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနက်အစောကြီး မီးသတ်ကားသံတွေကြားလို့ ထကြည့်တာ၊ ရွှေကျောင်းသစ်လမ်းမှာ မီးလောင်နေတာ၊ အိမ် ၃ လုံး မီးလောင်သွားတယ်၊ မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာ ရတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
မီးလောင်ရာကို မြန်အောင်မြို့နယ် မီးသတ်က မီးသတ်ကားတစ်စီး၊ ရေသယ်ယာဥ် တစ်စီး၊ မြန်အောင်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့က ရေသယ်ယာဥ် ၃ စီး၊ ပါရမီ လူမှု ကူညီရေးအသင်းက ရေသယ်ယာဥ်တစ်စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ကြတာကြောင့် ၁ နာရီ ၃၀ မိနစ်လောက်မှာ မီးငြိမ်းသွားပြီး ဆုံးရှုံးမှုတန်ဖိုး မသိရသေးပါဘူး။
အလားတူ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၇ နာရီ ၅၀ မိနစ်လောက်ကလည်း မန္တလေး မဟာအောင်မြေမြို့နယ် ၇၄ လမ်း၊ ၃၇×၃၈ ကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့က Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရာ မနက် ၈ နာရီ ၂၀ လောက် မီးငြိမ်းသွားပါတယ်။
“မီးလောင်ချိန်က နာရီဝက်လောက်ကြာတော့ ဆုံးရှုံးမှုတော့ များတယ်။ အိမ်တွေက ဆက်နေတာဆိုတော့ မီးကူးစက်ဖို့လည်း လွယ်တယ်။ ဘယ်နှအိမ်လောင်တယ်တော့ အတိအကျ မသိဘူး” လို့ သွားရောက် ကြည့်ရှုခဲ့သူတစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီ လ အတွင်းမှာ တိုင်းနဲ့ပြည်နယ်အချို့မှာ ရက်ဆက်ဆိုသလို မီးလောင်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် ကလည်း မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၈၆ လမ်း၊ကန်တော်ကြီး ပါတ်လမ်းအနီး မီးလောင်မှု၊ ပဲခူးတိုင်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အိုးသယ်ကုန်းမီးလောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျွန်းကလေးကျေးရွာ မြက်ခြောက်တော မီးလောင်မှု၊ သုံးခွမြို့နယ် ပန်းကုန်းကျေးရွာ မီးလောင်မှု၊ စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွာသာကျေးရွာ မီးလောင်မှုတွေ ရှိခဲ့ပါတယ်။
ပုံစာ - မြန်အောင်မြို့နယ် ရွှေကျောင်းသစ်လမ်း နေအိမ် မီးလောင်မှုဖြစ်ပွားစဉ်