စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အောင်မိုးကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး နွားတစ်ကောင်ကိုလည်း ပစ်သတ်သွားတယ်လို့ သိရပါတယ်။
မီးရှို့ဖျက်ဆီးခံရလိုက်ရတာဟာ အိမ်ထောင်စု ၁၄ ဦးပိုင်ဆိုင်တဲ့ နေအိမ်တွေဖြစ်ပြီး အဆောက်အဦးပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို အိမ်မွေးနွား တစ်ကောင်ကိုလည်း ပစ်သတ်သွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အိမ်လေးဆောက်ထားတာမှ မကြာသေးဘူး၊ တံခါးလေး တပ်ပြီးခါရှိသေး မီးရှို့ခံလိုက်ရတယ်။ အခုလို အဆောက်အဦလေးနဲ့ နေထိုင်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသလို နှစ်နဲ့ချီ စုဆောင်းခဲ့ရတာ။ အိမ်တွင်းပစ္စည်းလည်း ဘာတစ်ခုမှ မယူလိုက်ရဘူး၊ အကုန်လုံး မီးထဲပါသွားတယ်။ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာကြတာဆိုတော့ ကြောက်လန့်တကြီးပဲ လူလွတ်ရုန်း ထွက်ပြေးခဲ့ကြရတာ။ အခုလောလောဆယ်တော့ ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်သွားပြီး မှီခိုနေကြရတယ်" လို့ နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အဲဒီနေ့မနက်ပိုင်းက PDF ပူးပေါင်းအဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးနားမှာရှိတဲ့ အပြစ်မယ့်ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာတော်တော်များများက ပြည်သူတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။