ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တပ်ရွာထိပ်ရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖေဖေါ်ဝါရီ ၁၂ ရက် မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။
ဒေသခံတဦးက “ကုလားသေ ကုလားမောအိပ်နေကြတာ၊ ဟိုဘက်က အသာလေးလာပစ်သွားတာ။ အပြန်အလှန်တော့ ပစ်ကြသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီက မထင်မှတ်ဘဲ ခံလိုက်ရတော့ သူတို့ တော်တော်ထိခိုက်ကြတယ်။ ၅ ယောက်လောက်က သွေးအိုင်ထဲမှာ အတုံးအရုံးပဲ။ သူတို့ဘက်က ပြောနေတာက ၅ ယောက်သေတယ်လို့သာ ပြောနေတာမကလောက်ဘူး၊ အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအားလုံးကို ပြည်ခုတင် ၁၀၀ ဆေးရုံကို သူတို့စစ်ကားတွေနဲ့ပဲ အကုန်သယ်သွားတာကို တွေ့ရတယ်”လို့ ပြောပါတယ်။
အခုလို ပစ်ခတ်မှုကို သဲကုန်းနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တာဖြစ်ပြီး စစ်အာဏာရှင် လက်အောက်မှာ ဆက်လက်တာ၀န်ထမ်းဆောင်နေသေးတဲ့ ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ခိုက်မှုက သူတို့အဖွဲ့ရဲ့ ပထမအကြိမ်တိုက်ခိုက်မှုဖြစ်ပြီး နောင်ကိုလည်း သတိပေးတဲ့အတိုင်း မဆောင်ရွက်ရင် နောက်ထပ်သေနတ်ပြောင်းက စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဘက်ကို လှည့်တော့မှာလို့ ဆိုပါတယ်။
အခုတိုက်ပွဲမှာ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ အောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။