၁၂-၀၂-၂၀၂၂ ရက်နေ့ဟာ ပြီးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ခုနှစ်ကနေ ပြန်လည်ရေတွက်မယ်ဆိုရင် ၇၅ နှစ်မြောက် စိန်ရတုမြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှစွာနဲ့ တိုင်းရင်းသားပြည်သူလူထု ပိုင်ဆိုင်တဲ့ ပြည်ထောင်စုနေ့ဟာ စစ်အခွင့်ထူးခံ ဖက်ဆစ်ဓားပြတွေရဲ့ အပိုင်စီး အသုံးချတာခံနေရဆဲ ဖြစ်ပါတယ်။
လက်နက်အားကိုး အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေ အလိုမတူဘဲ၊ နိုင်ငံရဲ့ အထိမ်းအမှတ်နေ့တွေကို သိမ်းယူပြီး သူတို့အာဏာခိုင်မြဲရေးအတွက် အသုံးချရာမှာ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ တရားမဝင်ပြောင်းခဲ့သလို ပြည်ထောင်စုနေ့ကိုလည်း အနှစ်သာရအားဖြင့် စစ်ပြည်ထောင်စုအတုကို အပေါ်ယံရွှေပြားဖုံးပြီး ပြည်ထောင်စုအစစ်လိုလို ကျင်းပပြီး မသိ နားမလည်သူတွေကို ဂျင်းကျွေးမြဲ ကျွေးလာခဲ့ကြတာ ဒီကနေ့အထိပါပဲ။
အခုလည်း ၇၅ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို လက်နက်နဲ့ နိုင်ငံတော်အာဏာ လုယူခဲ့တဲ့ သမ္မတရူးမင်းအောင်လှိုင်က သူနဲ့အလိုတူအလိုပါ ဖက်ဆစ်တပ်မတော်နဲ့ လက်တဆုပ်စာ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ကြားပြီး ဗိုလ်ရှုခံဝင်ဖို့ အသုံးချတာဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ထု၊ ဘုရားကျောင်းနဲ့ မြို့ရွာတွေ မီးရှို့ဖျက်ဆီး၊ အပြစ်မဲ့လက်နက်မဲ့ပြည်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်၊ ဆန္ဒပြပြည်သူ သောင်းဂဏန်းကျော် ဖမ်းဆီးနှိပ်စက် ထောင်ချထားပြီး ပြည်ထောင်စုနေ့ ကျင်းပမယ်ဆိုတာ သွေးစက်စက်ကျနေတဲ့လက်နဲ့ ရေစက်ချအိုးကိုင်တဲ့ လူသတ်ကောင်ရဲ့ အကုသိုလ်ပွဲ ကျင်းပတာနဲ့ အတူတူပါပဲ။
ပြီးခဲ့တဲ့အနှစ် (၇၀) မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်စုံလင်စွာ တက်ရောက်လို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အဓိပ္ပာယ်အလေးနက်ဆုံး၊ အစည်ကားဆုံးနဲ့ လူထုစိတ်ဝင်စားမှုအရဆုံး အခမ်းအနားအဖြစ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ရာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
အဲဒီပြည်ထောင်စုနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ရိုးရာ မနောတိုင် အမှတ်အသားပါတဲ့ ဒီဇိုင်းဝတ်စုံကို နိုင်ငံရေးအဓိပ္ပာယ်ရှိရှိ၊ ရည်ရွယ်ချက်အပြည့်အ၀နဲ့ ဆင်မြန်းလို့ တက်ရောက်လာခဲ့ပါတယ်။ ပြီးတော့ ပြည်ထောင်စုနေ့မိန့်ခွန်းမှာ အပစ်ရပ်လက်မှတ်မထိုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံမှာ ပါ၀င်ဖို့ကိုလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တခုတ်တရ ထည့်သွင်းတိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
ထိုးစစ်တွေ အရှိန်မြင့်လာလို့ ဆင်းရဲဒုက္ခကြီးစွာရောက်နေခဲ့ရတဲ့ ပြည်တွင်းစစ်ပြေး ကချင်မိဘပြည်သူတွေကို စာနာသနားတယ်။ သူတို့နဲ့အတူ ရှိနေတယ်ဆိုတာကို နှစ်ဘက်စလုံးက စစ်ပွဲတွေ ဆင်နွှဲနေသူတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ဟန်တူပါတယ်။
လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ အပစ်ရပ်လက်မှတ်ထိုးဖို့ လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေတဲ့ KIA နဲ့ မဟာမိတ်တွေကို လက်မှတ်ထိုးပြီး ရဲရဲဝံ့ဝံ့နဲ့ ၂၁ ရာစုပင်လုံညီလာခံကို တက်လာခဲ့ဖို့ အားပေးတိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်ပါ။ သူနဲ့ပြည်သူတွေ အတူရှိနေပါတယ်၊ စောင့်နေပါတယ်ဆိုတာ ပြောပြနေတဲ့သဘောပါပဲ။
လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ သိပ်အာရုံမထားပါဘဲ ဆွေးနွေးပွဲ အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တခြားတိုင်းရင်းသားတွေနဲ့ အတူတူ မဖြစ်မနေတည်ဆောက်စေချင်တဲ့ တိုက်တွန်းမှုလို့ အဓိပ္ပာယ်ကောက်ယူနိုင်ပါလိမ့်မယ်။
အားလုံးနဲ့ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ကျင်းပမယ့် (၂၁) ရာစုပင်လုံ ညီလာခံကို ဘယ်အဖွဲ့အစည်းကမှ ကြိုးကိုင်ချယ်လှယ်လို့ မရပါဘူး။ ပြည်တွင်းစစ်ကို ငြီးငွေ့စက်ဆုပ်နေတဲ့ ပြည်သူအများစု အနီးကပ်စောင့်ရှောက်နေမှာဖြစ်တယ်လို့ သက်ဆိုင်သူအားလုံးကို သတိပေးမှုလည်း ဖြစ်တယ်လို့ စာရေးသူက ရှုမြင်သုံးသပ်ပါတယ်။
ဒီတော့ မြန်မာနိုင်ငံဟာ ဘာကြောင့် နှစ်ပေါင်း ၇၀ ကြာတဲ့တိုင်အောင် ဘာကြောင့် ငြိမ်းချမ်းရေးရဖို့ နှောင့်နှေးနေရတာလဲ ဆိုတာကို အဖြေရှာကြည့်ရအောင်။ မိသားစုတစုမှာဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တခုအတွင်းမှာဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာ ဖြစ်ဖြစ်၊ မှီတင်းနေထိုင်ကြသူတွေ၊ အုပ်ချုပ်ခွင့် အာဏာရသူတွေဟာ အသိဉာဏ်မဦးစီးနိုင်ဘဲ မှန်စွာတွေးခေါ်မြော်မြင်နိုင်စွမ်းမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီကမှတဆင့် စိုးရိမ်ကြောင့်ကြမှု (အကြောက်တရား) တွေ ဖြစ်လာပြီး တခြားသူတွေ၊ တခြားလူမျိုးတွေအပေါ်၊ တခြားဘာသာတွေ အပေါ် မယုံကြည်မှု၊ မုန်းတီးမှုတွေဆိုတာ ထပ်မံမွေးဖွားစေပါတယ်။
အဲဒီမုန်းတီးမှုတွေကနေ ပြဿနာပဋိပက္ခတွေ၊ အကြမ်းဖက်အဖြေရှာမှုတွေ၊ အခွင့်ထူးခံ ဗိုလ်ကျ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆက်လက်ဖြစ်တည်လာရပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ပြဿနာ ပဋိပက္ခတွေကနေ အနိဋ္ဌာရုံတွေ ဖြစ်ပေါ်လာပြီး အမုန်းတရားတွေ ထပ်ဆင့်ကြီးထွားလာစေပါတယ်။ အဲဒီကမှတဆင့် ပြဿနာပဋိပက္ခ အသစ်အသစ်တွေ၊ လက်နက်နဲ့ အကြမ်းဖက် အဖြေရှာတာတွေ ထပ်မံဖြစ်ပေါ်စေပြီး အင်္ဂလိပ်လို (Vicious Cycle) လို့ခေါ်တဲ့ လူအချင်းချင်း နှိပ်စက်ညှဉ်းပန်းတဲ့၊ ငြိမ်းချမ်းမှုမရှိတဲ့၊ အနိဋ္ဌာရုံတွေ ပြည့်လွှမ်းနေတဲ့၊ မတရားမှုတွေနဲ့ အတိပြီးနေတဲ့ ရက်စက်ကြမ်းကြုတ်ဆင်းရဲဒုက္ခ သံသရာထဲမှာ တဝဲလည်လည် ဖြစ်နေရတော့တာပါပဲ။
အဲဒီဆင်းရဲဒုက္ခသံသရာကြီးထဲက လွတ်မြောက်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် အဲဒီနိုင်ငံသားတွေဟာ အကြောက်တရားက လွန်မြောက်နိုင်ဖို့လိုပါတယ်။ နိုင်ငံသားအချင်း ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာတရား ကျင့်သုံးဖို့ လိုပါတယ်။ တခြားသူတွေထက် အမြဲတမ်း အခွင့်ထူးခံရချင်စိတ်၊ ဗိုလ်ကျအသာစီးယူချင်စိတ်၊ စည်းကမ်းမဲ့စွာ နေထိုင်လိုစိတ်၊ တာဝန်မဲ့လိုစိတ်တွေ ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။
အပြန်အလှန် လေးစားအသိအမှတ်ပြုနိုင်တဲ့စိတ်တွေ ထားနိုင်ဖို့ လိုတယ်။ မိမိလူမျိုးရေး အကျိုးစီးပွားကို ပြည်ထောင်စုတခုလုံးအရေး အကျိုးစီးပွားအထက်မှာ ရှေ့တန်းမတင်မိဖို့ လိုပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကို အပြောသက်သက်မဟုတ်၊ အသုံးချဖို့သက်သက် မဟုတ်ဘဲ လက်တွေ့ကျင့်သုံးလိုက်နာဖို့ လိုပါတယ်။
ဒါကြောင့်လည်း အသိနဲ့ အကျင့် တထပ်တည်းမကျဘဲ၊ တသားတည်းမရှိဘဲ စကားလုံးလှလှတွေနဲ့ တန်ဆာဆင်ထားတဲ့ အတွေးအမြင် ပြောဆိုမှုတွေဆိုတာ အောင်သီးအောင်နှံ အလျှင်းမဖွံ့ထွားဘဲ ရနံ့ကင်းမဲ့တဲ့ ပန်းနဲ့ အလားသဏ္ဌာန်တူတယ်လို့ ရှင်တော်မြတ်ဗုဒ္ဓက မြွက်ကြားခဲ့တာ မဟုတ်ပါလား။
ပြည်ထောင်စုနေ့အခမ်းအနား ပြီးတဲ့နောက် အစီအစဉ်ရဲ့အစိတ်အပိုင်းတခုအဖြစ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားကိုယ်စားလှယ် ၁၂ ဦးနဲ့အတူ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း (Panglong Peace Talk) ကို ပင်လုံမြို့မှာပဲ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးအတွက် ပင်လုံသဘောတူညီချက်ရဖို့ ကြိုးပမ်းစဉ်ကာလတုန်းက အနားယူချိန်မှာ စာထိုင်ဖတ်ခဲ့တဲ့ သစ်ပင်ကြီးအောက်မှာပဲ ကျင်းပခဲ့ပါတယ်။
ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တာကို အနှစ်ချုပ်ကြည့်လိုက်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။
• ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်၊ အရွယ်မရွေး အားလုံးပါဝင်ဖို့ လိုတယ်။
• ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုရင် ဘာဖြစ်လို့ ငြိမ်းချမ်းရေးမရလဲဆိုတာကို ပထမဆုံး ဆန်းစစ်ရမယ်။
• ငြိမ်းချမ်းရေးမရတာ မတူကွဲပြားမှုကြောင့်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူး။
• မတူကွဲပြားရတဲ့ အကြောင်းတစ်ခုကတော့ မခံချင်စိတ်၊ ဒေါသတွေကို ရှေ့တန်းတင်လို့ ဖြစ်တယ်၊ မိမိတို့ဟာ မေတ္တာတရားကို ရှေ့တန်းတင်မယ်၊ မျှဝေကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မယ်ဆိုရင် အခုလို ကွဲပြားစရာအကြောင်း ရှိမယ်မထင်ပါ။
• တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေဆိုတာ တကယ်တော့စိန်ခေါ်မှုပင်ဖြစ်ပြီး စိန်ခေါ်မှုဆိုတာ အခွင့်အရေးတွေ ဖြစ်တယ်။ ကျော်လွှားနိုင်ရမယ်။
• လူတို့သဘာ၀အရ အနိုင်ကျင့်သူတွေလည်း ရှိနေပါတယ်။ အဲဒီအနိုင်ကျင့်သူတွေ အနိုင်မကျင့်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေတစ်ခုရှာရမှာ ဖြစ်တယ်
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နောက်ပြီး ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေကလည်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တန်းတူပူးပေါင်းနိုင်မည့် အာမခံချက်တွေ၊ ကရင်ပြည်နယ်မှာကျင်းပခဲ့တဲ့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆောင်ရွက်နိုင်ခဲ့မှုတွေ၊ ယုံကြည်မှု၊ ညီညွတ်မှု၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု၊ သာတူညီမှုတွေနဲ့ တည်ဆောက်ခဲ့တဲ့အတွက် အောင်မြင်ခဲ့မှုတွေ ရခဲ့ကြတာ၊ အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ ငြိမ်းချမ်းရေးမရစေဘူးဆိုတဲ့ ယုံကြည်မှု ထင်မြင်ချက်တွေ မငြိမ်းချမ်းသေးသည့်အတွက် တိုင်းပြည်နစ်နာနေမှုတွေ၊ ငြိမ်းချမ်းရေးအတွက် တစ်ဦးအပေါ်တစ်ဦး သဘောထားကြီးဖို့ လိုအပ်နေမှုတွေ၊ လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ များများပြုလုပ်ဖို့ လိုအပ်မှုနေမှုတွေ၊ ပင်လုံစာချုပ် ပင်လုံ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ပြဖို့ လိုအပ်မှုနေမှုတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီပင်လုံငြိမ်းချမ်းရေးစကားဝိုင်းကို တနိုင်ငံလုံး နားထောင်နိုင်အောင် မိဘပြည်သူတွေ ရှေ့မှောက်မှာ တိုက်ရိုက်ထုတ်လွှင့်သွားတာမို့ တိုင်းရင်းသားကိုယ်စားလှယ်တော်အားလုံးဟာ ရင်ထဲ အသည်းထဲကလာတဲ့ ခံစားချက်အစစ်အမှန်တွေ၊ စကားလုံးတွေနဲ့ သူတို့ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုဆွေးနွေးသွားခဲ့ကြပါတယ်။ ဒီအတွက် နိုင်ငံရဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အနာဂတ်အတွက်လည်း အထူးအားတက်မိပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ဆက်စပ်လို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့“ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” (Peaceful coexistence) အကြောင်း ဒီဆောင်းပါးမှာ ဖြည့်ရေးချင်ပါတယ်။ အဲဒီစကားရပ်ရဲ့အဓိပ္ပာယ်ကတော့ လူမျိုးနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ လူမျိုးစုတွေဟာ အသီးသီးရဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန် လေးစားအသိအမှတ်ပြုရင်း လူမှုပဋိပက္ခတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ အဖြေရှာပြီး ငြိမ်းချမ်းစွာ အတူရှင်သန်နေထိုင်ကြခြင်း ပါပဲ။
အဲဒီလိုချမ်းသာစွာ အတူလက်တွဲနေထိုင်နိုင်ဖို့အတွက် လူမျိုးအသီးအသီးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ဘာသာစကား၊ စာပေ၊ အနုပညာရပ်တွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုဖို့လိုသလို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာကျင့်သုံးခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တွေ အပ်နှင်းရမှာ ဖြစ်ပါတယ်။ လူမျိုးစုများအားလုံး အခွင့်အရေးတူညီမှု၊ အပြန်အလှန်ဖေးကူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှုကို အားဖြည့်ထောက်ကူကြရမှာ ဖြစ်တယ်။
ဒါကြောင့်မို့လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သံဃာ့သမဂ္ဂ-မန္တလေးကနေ ❝ပင်လုံကတိကဝတ် အရင်းတည်ဖက်ဒရယ်ပြည်ထောင်စုသို့ ရဲရဲချီ❞ ဆိုတဲ့စာတမ်းကို ထုတ်ဝေခဲ့ပြီး အောက်ပါအတိုင်း သဘောထားတွေ ထုတ်ပြန်ခဲ့ကြပါတယ်။
ဒီနွေဦးတော်လှန်ရေးကြီးမှာတော့ (ကျနော်တို့) ဗမာလူမျိုးတွေကိုယ်တိုင်က ဖက်ဒရယ်အရေးကို အထူးအလေးပြု၊ နားလည်လာကြပြီဖြစ်သလို တောင်းဆိုတိုက်ပွဲဝင်လာကြပြီ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ လူများစု၊ လူနည်းစုဆိုတာတွေနဲ့ မသက်ဆိုင်ဘဲ၊ ဒီနိုင်ငံက တိုင်းသူပြည်သားအားလုံးရဲ့ လိုအပ်ချက်ဖြစ်တယ်၊ လိုလားချက်ဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြဖို့ပါပဲ။
ဒါ့ကြောင့် ဒီနွေဦးတော်လှန်ရေး အောင်ပွဲမှသည် ၇၅ နှစ်ကြာသည်အထိ အကောင်အထည် မဖော်နိုင်ခဲ့တဲ့၊ မကျေပွန်နိုင်ခဲ့တဲ့ “ပင်လုံကတိကဝတ်”ကို အရင်းတည်ကာ “အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ်”ဆီကို ရဲရဲကြီး ချီတက်ကြမယ်ဗျာ၊ ကျနော်တို့ လက်တွေ့အကောင်အထည်ဖော်ကြမယ်ဗျာ။ တဆက်တည်းမှာပဲ “အမျိုးသားတန်းတူရေး” ကို အဓိက ဖီလာဆန့်ကျင်နေတဲ့ “လူမျိုးကြီးဝါဒ” မှန်သမျှကိုလည်း ကျနော်တို့ ခဝါချ၊ တိုက်ဖျက်ကြဖို့ အထူးလိုအပ်လှပါတယ်။
နိဂုံးချုပ်အနေနဲ့ ရေးချင်တာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့တည်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ယုံကြည်မြတ်နိုးကြတဲ့ မိဘပြည်သူတွေနဲ့အတူ တော်လှန်ရေးအင်အားစု အားလုံး NUG, PDFs, CRPH EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအ၀င် မြန်မာနိုင်ငံသားအားလုံး ပြည်ထောင်စုတခုလုံးအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး မိမိတို့ဘက်က ပေးနိုင်တာ၊ စွန့်လွှတ်သင့်တာတွေကို ပေးဆပ်စွန့်လွှတ်လို့ သမိုင်းပေးတာ၀န်တရပ်အနေနဲ့ စိတ်သတ္တိရှိရှိ အစွမ်းရှိသ၍ ဝိုင်း၀န်းအားထုတ်ပြီး စစ်ပြည်ထောင်စုအတုကို ဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုအသစ်ကို တည်ဆောက်ပြီး ငြိမ်းချမ်းရေးကို အရပေးကြပါလို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
မင်းကောင်းချစ်