စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ကျောက်ကုန်းကျေးရွာအနီး တောင်ယမားဆည်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျဆုံးသွားတဲ့ ရဲဘော် ၄ ဦး ဈာပနအခမ်းအနားကို ဒီနေ့ကျင်းပခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီဘက်က အင်အား ၈၀ လောက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၄ ယောက်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ ကံပေါက်ကျေးရွာကနေ စစ်ကြောင်းချီလာတဲ့ (-) တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီလောက်ကြာတယ်။ လက်နက်အင်အားမမျှလို့ ကျနော်တို့ ရဲဘော်လေးတွေ အခုလို ကျဆုံး များခဲ့ရတာဗျ။ အနိုင်ရခံအနီးမှာ သူတို့ဘက်က စစ်ကူရောက်လာတယ်။ ကျနော်တို့ ပိတ်မိနေလို့ မနည်းကြိုးစားထွက်ခဲ့ရတယ်။ အဓိကတော့ လက်နက်ပေါ့ဗျာ။ လက်နက်တန်းတူဖြစ်ဖို့ အားလုံးကူညီပေးကြပါ။ ကျနော်တို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက်ဂုဏ်ယူပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့အဖွဲ့လေးကို တက်နိုင်တဲ့ဘက်က ကူညီပေးကြပါ” လို့ ကျားသစ်နက်အဖွဲ့တာဝန်ရှိသူ ဗိုလ်ဖိုသားက ပြောပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဟာ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ကျားသစ်နက်တပ်ဖွဲ့ဝင် ၄ ဦးအား ဒီနေ့သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။