ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ စံပြသုံးမိုင် ပကြဲကျေးရွာမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်လောင်း ၂ လောင်းကို တွေ့ရှိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ကနေ ညနေအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှိုခဲ့ကာ ပြည်သူ ၂ ယောက်ကို စစ်ဝတ်စုံ ဝတ်ပေးပြီး မီးရှို့သတ်ဖြတ်ခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
ရုပ်အလောင်းတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မီးရှိုသတ်ခံခဲ့ရတဲ့ အရပ်သား ၂ ယောက်နဲ့ ပတ်သက်လို့ ကရင်နီပြည်ရဲဌာနက အမှုဖွင့်လှစ် ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ကရင်နီပြည်ရဲဌာန KSP က သတင်းထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအတွင်း ဝင်ရောက်ချိန်မှာ နေအိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ ကျူးလွန်နေတာကို စုံစမ်းစစ်ဆေးတွေ့ရှိရတယ်လို့ KSP က ထုတ်ပြန်ပါတယ်။