စစ်ကိုင်း ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့ပေါ်ကနေ အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ကုလားလူး ကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က ရွာကို မနက် ၆ နာရီလောက်ကတည်းကနေ သေနတ်တွေနဲ့ ပစ်ဝင်လာကြတာ။ နောက်တော့ ရွာထဲကအိမ်တွေကို ရှာတော့တာပဲ။ ဘာရှာတာလဲတော့မသိဘူး။ နောက်ပြီး ကျနော်တို့ရွာလယ်ခေါင်က အိမ်တစ်လုံးကို ရစရာမရှိအောင် ဖျက်ဆီးသွားကြတယ်။ သူတို့ အဲလိုရွာကို ဖျက်ဆီးပြီးအပြန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်ခွဲတာတွေလုပ်ခဲ့တယ်။” ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
အဲလိုမိုင်းခွဲတာကြောင့် စစ်ကောင်စီဘက်က ၄ ဦးသေဆုံး၊ အများပြားဒဏ်ရာရသွားကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကတော့ ၁ ယောက် ကျဆုံးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေပေမဲ့ ဘယ်လိုမှထိန်းချုပ်လို့မရဘဲ ဖြစ်နေပါတယ်။ အဲလိုနယ်မြေကို ထိန်းချုပ်လို့မရနိုင်တဲ့အတွက် ဒေသခံရွာသားတွေရဲ့ ကျေးရွာအတွင်းက လူနေအိမ်တွေကို မီးရှို့နေတာတွေ လုပ်ဆောင်ပါတယ်။
အခုဖေဖော်ဝါရီ တစ်လတည်းမှာတင် ပုလဲမြို့နယ်၊ ကနီနဲ့ မင်းကင်းမြို့နယ်တွေမှာ စစ်ကောင်စီက ရွာပေါင်း ၁၄ ရွာကို မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။