မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကျောက်ထု PDF ကနေ သိရပါတယ်။
ကျောက်ထု အမြှောက်တပ်ထဲကနေ ဆောဘက်ကိုသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ထု PDF က ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်ပိုင်းမှာ မိုင်း ၂ လုံး၊ ညနေပိုင်းမှာ မိုင်း ၅ လုံး၊ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ မိုင်း ၁ လုံး နေ့လယ်ပိုင်း မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကျောက်ခု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေကို ၂ ရက်အတွင်း မိုင်း ၁၀ လုံးခွဲပြီးတိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်ဗျ။ အတိကျတော့အတည်မပြုနိုင်သေးဘူး။ စုံစမ်းလို့သိရရင်တော့ သတင်းထုတ်ပြန်ပေးသွားမယ်။”
စစ်ကောင်စီတပ်တွေဟာ ကံကြီးနဲ့ ရေကျော်ကြား ၄ မိုင်လောက်သာရှိတဲ့ ခရီးကို ကျောက်ထု PDF က ထောင်ထားတဲ့ မိုင်းကွင်းရှိတာကြောင့် ၂ ရက်ကြာ ဖြတ်သန်းခဲ့ရပြီး အထိခိုက် အကျဆုံးများတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် ကျောက်ထု PDF ရဲဘော်တွေ အထိအခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ထု-ပခုက္ကူ ကားလမ်းမှာလည်း ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်ကောင်စီယာဥ်တန်းကို ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။