ဒါရိုက်တာ ဝိုင်းကို စစ်ကောင်စီတပ်က ပုဇွန်တောင်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ သူ့ရဲ့မိသားစုကို အိမ်ပြန်ပို့ပြီးတဲ့နောက် စစ်ကြောရေးလို့ ယူဆရတဲ့ နေရာကို ဆက်ပြီး ခေါ်ဆောင်သွားတယ်လို့ သူနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။
သရုပ်ဆောင် ဒါရိုက်တာဖြစ်သူ အကယ်ဒီမီ ဝိုင်းကို စစ်ကောင်စီက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရေကျော်ရပ် မဟာဇေယျလမ်း တိုက်ခန်း နေအိမ်ကနေ ဖေဖော်ဝါရီ ၉ ရက် မနေ့ မနက်လောက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတုန်းက သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ကလေး၂ ယောက်ကိုပါ ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှတော့ ကလေးနဲ့ အမျိုးသမီးဖြစ်သူကို နေအိမ် ပြန်ပို့ပေးလိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းကနေတဆင့် သိရပါတယ်။
ဒါရိုက်တာဝိုင်းဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူဘက်က ရပ်တည်ခဲ့သူဖြစ်ပြီး သူ့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ က အမှုဖွင့်လှစ် ဖမ်းဝရမ်းထုတ်ထားတာပါ။
အမှုဖွင့်လှစ်ခံရပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တာကြောင့် တိမ်းရှောင်နေထိုင်နေရာကနေ မနေ့က နေအိမ်ပြန်ရောက်လာချိန် နာရီဝက်လောက်အတွင်းမှာပဲ စစ်ကောင်စီတပ်သားတွေက ကား ၂ စီး နဲ့ လမ်းကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားခဲ့တာလို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပြပါတယ်။
ဒါရိုက်ဝိုင်းဟာ လွန်ခဲ့တဲ့ ၈ လလောက်က လေဖြန်းသွားတာကြောင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး အဝေးကိုထွက်ပြေးမတိမ်းရှောင်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။