တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရိုးမဘဏ်အနီးမှာ ဖေဖော်ဝါရီ ၈ ရက်၊ မနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူမှာ လောင်းလုံးမြို့ခံ အသက် ၅၀ အရွယ် ဦးအောင်ကြီးဆိုသူဖြစ်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေတွေ ကမ်းကပ်ရပ်နားလေ့ရှိတဲ့ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ ရေခဲစက်ရုံလုပ်ငန်း အဓိကထားလုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအနီးဝန်းကျင်ရှိ ထားဝယ်မြို့ခံတစ်ဦးက “ဖြစ်တာကတော့ ၁၁ နာရီကျော်လောက်မှာပဲ၊ သေနတ်သံတွေဘာတွေတော့ မကြားရဘူး။ လမ်းပေါ်မှာလဲနေလို့ သွားကြည့်ကြမှ သေနတ်ပစ်ခံထားရမှန်းသိတာ” လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အဆိုပါပစ်ခတ်မှုဟာ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ဦးအောင်ကြီးဟာ နအဖ စစ်အစိုးရလက်ထက်ကတည်းက စစ်တပ်အသိုင်းအဝိုင်းနဲ့အဆင်ပြေတဲ့ လောင်းလုံးဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်တပ်အရာရှိတွေနဲ့ ပြောဆိုဆက်ဆံနေရတာမျိုးရှိတယ်လို့ သိရပါတယ်။
၂၀၁၀ ခုနှစ်ခန့်ကလည်း ဦးအောင်ကြီးပိုင်ဆိုင်တဲ့ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအတွင်းရှိ ဖွဲမီးလောင်စာသုံး ရေခဲစက်ရုံတစ်ရုံ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုပြီး ဒေသခံတွေ ကန့်ကွက်တာကြောင့် ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။