မွန်ပြည်နယ်၊ ရေးမြို့မှာ အငြိမ်းစား ဗိုလ်မှူးဟောင်း တယောက်ဖြစ်တဲ့ ဦးအောင်နိုင်ဝင်းဟာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ မနက်က ကိုရင်လေးအခမဲ့ ဆေးခန်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေးဘီးလူးအဖွဲ့ကတော့ အဆိုပါပစ်ခတ်မှုဟာ သူတို့အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ ဗိုလ်မှူးဟောင်း ဦးအောင်နိုင်ဝင်းကို သေနတ်နဲ့ ဦးခေါင်းကို ၃ ချက်တိတိပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့သားတွေက အတည်ပြု ပြောပါတယ်။
ဦးအောင်နိုင်ဝင်းဟာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်နေရုံသာမက PDF ရဲ့ နယ်မြေလှုပ်ရှားမှုတွေ နိုင်ငံရေးသမားတွေကို ဖမ်းဆီးတဲ့နေရာမှာ စစ်ကောင်စီကို အဓိကကူညီပံ့ပိုးနေခဲ့တာကြောင့် အခုလို သုတ်သင်ရှင်းလင်းရခြင်းဖြစ်တယ်လို့ ရေးဘီးလူး အဖွဲ့က ပြောပါတယ်။
သေဆုံးသွားသူရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ “ဦးအောင်နိုင်ဝင်းက မိသားစုနဲ့ အတူမနေတာကြာပြီ၊ ဆေးခန်းမှာဘဲ ကူညီလုပ်ကိုင်ပေးနေတာ ယနေ့အထိပါ။ သူအသတ်ခံရတာနဲ့ ပတ်သက်ပြီး အခုချိန်မှာသူ့ရဲ့ လုပ်ရပ်တွေကိုမပြောလို့ပေမဲ့ သူ့ကိုမလိုလားတဲ့သူတွေ သတ်ဖြတ်ခြင်းခံရတော့ စိတ်မကောင်းဖြစ်တာက လွဲပြီး ဘာမှ မတတ်နိုင်ဘူး”လို့ ပြောပါတယ်။
ဦးအောင်နိုင်ဝင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယှဉ်ပြိုင်ခဲ့ပြီး ရေးတော်ဝင် အယ်ဒီတာလည်း လုပ်ခဲ့ဖူးကာ နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားသူလည်း ဖြစ်ပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က အခင်းဖြစ်နေရာကို ရောက်ရှိလာပြီး နယ်မြေရှင်းလင်းပိတ်ဆို့စစ်ဆေးနေခဲ့သလို လုံခြုံရေးတွေပါ ပိုမိုဖြန့်ကျက်နေရာ ယူထားကာ လူငယ်တွေကို ပိုမိုစစ်ဆေးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနက် ၉ နာရီလောက်ကလည်း ရေးမြို့ ရန်မျိုးအောင်ရပ်နေ စစ်ကောင်စီနဲ့ နီးစပ်သူ ဦးလွင်ဆိုင်ကို ရေးဘီးလူးအဖွဲ့က ပါဆယ်ဗုံး ၁ လုံးနဲ့ နောက်ဆုံးသတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်က စစ်ကောင်စီခန့် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာလည်း ရေး YGF ရဲ့ သတ်ဖြတ်ခံခဲ့ရပြီး ကျုံလောင်းရွာဟောင်း ရပ်ကျေးစာရေးတယောက်လည်း သေနတ်ပစ်ခတ်ခံထားရပါတယ်။