ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး-ကျောက်တန်း-ပင်လုံ ကားလမ်းသစ်မှာ ဒေသခံပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNA) က လမ်းလုံခြုံရေးအတွက် ကင်းစခန်းဂိတ်အသစ်တစ်ခုကို ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့မှာ ဖွင့်လှစ်လိုက်ပါတယ်။
ဟိုပုံး-ကျောက်တန်း-ပင်လုံလမ်းသစ်မှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS က ခရီးသွားတွေကို အခွန်ငွေကောက်ခံနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ပြီးနောက်ပိုင်း PNA တပ်က အခုလို ဂိတ်အသစ်တစ်ခု ဖွင့်တာလို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA) ကတော့ အသွင်ပြောင်းပြည်သူ့စစ်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အခြေပြုပြီး လှုပ်ရှားနေပါတယ်။