စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သောင်ပြင်ငယ်ကျေးရွာနဲ့ ပလူစဝကျေးရွာတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ပစ်ခတ်ပြီး ရဟတ်ယာဉ်နဲ့ စစ်သားတွေ နေရာချခဲ့ပါတယ်။
ရွာသားတွေကတော့ ဘေးလွတ်ရာ ရှောင်ပြေးနေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးပါဘူး။
ရွာထဲမှာ ပစ်ခတ်ဖောက်ခွဲပြီး ပစ္စည်းတွေ နေအိမ်တွေကို ဖျက်ဆီးနေတဲ့အသံတွေကိုတော့ ကြားခဲ့ရတယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။
လေယာဉ်နဲ့ပစ်ခတ်တာကြောင့် ရွှေငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို သယ်ဆောင်ခွင့်မရခဲ့ဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရတယ်လို့ ရေဦးမြို့နယ်၊ သောင်ပြင်ငယ်ရွာသားတစ်ဦးက ပြောပါတယ်။
"ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ရောက်လာပြီး ရွာကိုပတ်ကြည့်တယ်။ တိုက်လေယာဉ်တစ်စီး ရဟတ်ယာဉ် ၃ စီး။ ရဟတ်ယာဉ်တွေက ပစ်ကူပြီးတော့ လူချတယ်။ ပျက်စီးဆုံးရှုံးမှုတော့ အတိအကျမသိရသေးဘူး။ ကားတွေတော့ဖျက်စီးတယ်လို့ သိရတယ်။ အိမ်တွေကတော့ ရဟတ်ယာဉ်နဲ့ဝဲတော့ ဘေးလွတ်ရာရှောင်ရတာပေါ့။ ကျနော်တို့ ပြန်နားထောင်တဲ့အခါမှာတော့ ရိုက်ခွဲတဲ့ အသံတွေကြားရတယ်။ ပလူစဝရွာနားမှာလည်း ဂျက်လေယာဉ်နဲ့ပစ်တယ်။ လူတွေလည်းချသွားတယ်။ ပလူစဝရွာနားမှာ ရဟတ်ယာဉ် ၄ စီးနဲ့ လူချသွားတယ်။ ကျနော်တို့ကတော့ ရှောင်ပြေးတာတော်တော်ဝေးဝေးကို ရောက်နေတယ်။ ရွှေ၊ ငွေ၊ ပိုက်ဆံ ဘာမှ ယူချိန်မရဘူးဗျ။ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာ။"
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာတော့ ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး အင်ပင်ထိ၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတော၊ လှော်ကားကြီး ကျေးရွာတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့ အကြမ်းဖက်ခဲ့ပါတယ်။
ကျေးရွာ ၅ ခုက စုစုပေါင်း အိမ်ခြေ ၁၅၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။
ပုလဲမြို့နယ်ထဲမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေနေရာချခဲ့ပြီး ပုလဲ-ဂန့်ဂေါလမ်းကို နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကိုမောင်မောင်ပီ (ပုလဲ)က ပြောပါတယ်။
"ဇန်နဝါရီ ၃၀ရက်နေ့မှာ အင်ပင်ထိကို စပြီးမီးရှို့တယ်။ ၃၁ ရက်နေ့မှာ မွေ့တုံကျေးရွာ။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပန်းရွာ။ ၂ ရက် ၃ရက်တွေမှာတော့ မင်တိုင်ပင်မှာ မီးမရှို့ဘဲနဲ့ ကားတွေနဲ့မွှေနှောက် ပစ္စည်းတွေယူပြီး ပျူစောထီးတွေ စခန်းချတဲ့ အင်ပင်ထိရွာကို ပစ္စည်းတွေ သယ်သွားတယ်။ အင်ပင်ထိမှာ အဖမ်းခံထားရတဲ့ ရွာသား ၁၀၀ ကျော်ကို စာသင်ကျောင်းထဲမှာ ထိန်းသိမ်းထားတယ်။ ပြီးတော့ မင်းတိုင်ပင်၊ ပုလဲ-ဂန့်ဂေါလမ်းဘေးမှာပဲ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်လို့ ၄ ဦး သေဆုံးတယ်။ အဲ့ဒီ ၄ ဦး မင်းတိုင်ပင်အစပ်နားမှာပဲ မီးရှို့အလောင်းဖျောက်တယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကိုင်းတောရွာကို မီးရှို့တယ်။ အဲ့ဒီမှာ အိမ်ခြေတစ်ဝက်နီးပါး မီးလောင်တာရှိတယ်။ ၅ ရက်နေ့မှာတော့ လှော်ကားကြီးကျေးရွာကို မီးရှို့တယ်။ စုစုပေါင်းရွာ ၅ ရွာက အိမ်ခြေ ၁၅၀၀ လောက်မီးလောင်ပျက်စီးသွားတယ်။"
စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာတွေကို စစ်ကောင်စီက ဆက်တိုက်မီးရှို့ပြီး ရိက္ခာလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
အနောက်မြောက်တိုင်းစစ်ဒေသမှာ ဖြတ် ၄ ဖြတ်စနစ်ကို စစ်ကောင်စီက ကျင့်သုံးနေပြီး သတင်းအမှောင်ချနိုင်ဖို့ အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားပါတယ်။ ဒေသခံတွေက လက်လုပ်သေနတ်တွေနဲ့ ဆက်လက်ခုခံနေတာကြောင့် စစ်ကောင်စီရဲ့အကြမ်းဖက်မှု အချိန် ၈ လကျော်ကြာတဲ့အချိန်မှာ အုပ်ချုပ်ရေးယန္တရားအားလုံးပျက်စီးလုနီးပါးဖြစ်နေပါတယ်။