ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ အကျဉ်းထောင်မှာ မတရားပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ပိုက်ဆံတောင်းယူပြီး ပြန်လွှတ်ပေးမယ်ဆိုကာ လိမ်လည်မှုတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ကာ ငွေတောင်းခံတာတွေပြုလုပ်ပြီး ပြန်လွှတ်ပေးမယ်ဆိုတဲ့ လိမ်လည်မှုတွေရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဝန်ထမ်းထဲက ပါလို့ ဒီလိုမိသားစုဝင်တွေကို သိတာပေါ့။ လိမ်တာက အရာရှိက လွှတ်ပေးလိုက်တာလို့ပြောပြီး ဝင်တာ။ မိသားစုကို ပိုက်ဆံတောင်းပြီး လွတ်ငြိမ်း ပါအောင်လုပ်ပေးမယ်ပြောတာပေါ့”လို့ ဒေသခံတယောက်က ပြောပါတယ်။
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေရဲ့ မိသားစုဝင်တွေကို ငွေကျပ် ၃ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးတာစောင့်ဖို့ ပြောဆိုသလို ဒီလိုလာတဲ့အကြောင်းကို တခြားသူတွေကို ပြန်မပြောဖို့အတွက် ပိတ်ပင်တာတွေလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကကျပ် ငွေ ၃ သိန်းကို ရှာပေးပြီး နီးစပ်ရာ နိုင်ငံရေးအသိုင်းဝိုင်းက လူအချင်းချင်း ပြန်တိုင်ပင်မှသာ အဲ့ဒီလို လိမ်လည်ခံရတာကို သိခဲ့ရတာလို့ ဒေသခံအများစုက ပြောပါတယ်။
အလားတူ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝန်း နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို စစ်အုပ်စုက ကြုံသလိုဖမ်းဆီးပြီး ရဲစခန်းအချုပ်တွေမှာ ထိန်းသိမ်းထားကာ မိသားစုတွေ ဆွေမျိုးတွေထံက ငွေညှစ်တာတွေရှိနေပါတယ်။
ဒါ့အပြင် သွားရောက်ဖမ်းဆီးတဲ့အခါမှာလည်း ပိုင်ဆိုင်တဲ့ ငွေကြေးတွေ၊ အဖိုးတန် လက်ဝတ်လက်စားတွေနဲ့ တယ်လီဖုန်းတွေ၊ ကွန်ပြူတာတွေကအစ သိမ်းယူပြီး ပြန်မပေးတော့ တာတွေလည်း ရှိနေပါတယ်။