မွန်ပြည်နယ် ရေးမြို့နယ် အယုတောင်ကျေးရွာနားရှိ မိုင်တဲလ်တာဝါတိုင်တစ်ကို ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ ရေး PDF မြောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၀င်ငွေစီးဆင်းမှုတွေ ရပ်တန့်အောင် အခုလို မိုင်တဲလ်တာဝါတိုင်စက်ကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး မိုင်တဲလ်တာဝါတိုင် ၈ ခုမြောက် ဖျက်ဆီးခံထားတာဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာတော့ မြေအောက်ဆက်သွယ်ရေးလိုင်းတွေ အပါအဝင် မိုင်တဲလ်တာဝါတိုင် အနည်းဆုံး ၁၀ ခု လောက်ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲံ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ စာရင်းတွေအရ တိုင်ပေါင်း ၃၆၀ ကျော်ထိ ရှိပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိတာကြောင့် စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။