Home
ဆောင်းပါး
နိုင်ငံရေးသမ္မာဒိဋ္ဌိနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
DVB
·
February 6, 2022
Article C

လောကုတ္တရာရေးကိစ္စဖြစ်ဖြစ်၊ လောကီရေး၊ နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ် ဆောင်ရွက် လုပ်ကိုင်ကြတဲ့အခါ လမ်းမမှားစေဖို့ အခြေခံလိုအပ်ချက်က မှန်စွာသိမြင်ခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိရှိဖို့ လိုအပ်ပါတယ်။

မှန်စွာသိမြင်မှုဆိုတဲ့ သမ္မာဒိဋ္ဌိအမြင်မရှိရင် နောက်ဆက်တွဲလိုက်လာမယ့် အလုပ်သုံးပါး ကံတွေ ဖြစ်တဲ့ မှန်စွာမကြံစည်နိုင်သလို မှန်စွာမပြောဆိုနိုင်၊ မှန်စွာမလုပ်နိုင်၊ မှန်စွာအသက်မမွေးနိုင်၊ မှန်စွာအားမထုတ်နိုင်၊ မှန်စွာသတိမဆောက်တည်နိုင်၊ မှန်စွာမတည်ကြည်နိုင်တော့ဘူး။

ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းမထက် လျှောက်လှမ်းဖို့ အတားအဆီးပြဿနာ သောင်းခြောက်ထောင်ကို ရင်ဆိုင်ရုန်းကန်နေဆဲ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရဲ့ အကြီးမားဆုံး သမိုင်းတာဝန်ကြီးကတော့ အများသိကြတဲ့အတိုင်း လက်နက်အားကိုး အကြမ်းဖက် စစ်အခွင့်ထူးခံစနစ် ဖျက်သိမ်းရေးနဲ့ ပြည်သူလူထုအများစု လက်ခံမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်‌ထောင်စု အနှစ်သာရအပြည့်နဲ့ ဖွဲ့စည်းပုံတရပ် ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။

မျက်‌မှောက်ကာလ မြန်မာ့နိုင်ငံ‌ရေးကို ရှုမြင်လေ့လာ ပါဝင်ပတ်သက်လှုပ်ရှားကြတဲ့အခါ ဘယ်ဟာက အမှန် ဘယ်ဟာက အမှား၊ ဘယ်ဟာက တရားမှု၊ ဘယ်ဟာက မတရားမှုဆိုတာကို ကိုယ်ကျိုးစီပွားကို အခြေမခံဘဲ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ခွဲခြားသိမြင်နိုင်မှု အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေးသမ္မာဒိဋ္ဌိရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီတော့ နိုင်ငံရဲ့ သေရေး ရှင်ရေးပမာ အရေးကြီးတဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး စတာတွေ နဲ့ပတ်သက်လို့ ဆင်ခြင်သုံးသပ်ရှုမြင်ရာမှာ ပြည်ထောင်စုတစုလုံးရဲ့‌ ရေရှည်အကျိုးစီးပွားကို အခြေခံမှသာ မှန်ကန်တဲ့ အမြင်ရှိနိုင်ပါလိမ့်မယ်။

ဒီပဓာနကိစ္စရပ်တွေအပေါ် မိမိနဲ့ မိမိအဖွဲ့အစည်း အကျိုးစီးပွားကွက်ကွက်ကလေးကိုသာ ရှေ့တန်းတင် ရှုမြင်တာဖြစ်ဖြစ်၊ လူမျိုးတမျိုးအ‌ရေး၊ ကိုးကွယ်ရာ ဘာသာတခုအရေး ဦးစားပေး ရှုမြင်တာနဲ့ မှန်ကန်တဲ့သိမြင်မှု သမ္မာဒိဋ္ဌိအမြင် မဖြစ်နိုင်တော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီလို ရှုမြင်မှုတွေဟာ ပြည်သူအများစုရဲ့ဆန္ဒနဲ့ အကျိုးစီးပွားကို ဆန့်ကျင်လို့ နိုင်ငံရေးမိစ္ဆာဒိဋ္ဌိအမြင်တွေ ဖြစ်တဲ့ မိမိနဲ့ မိမိအဖွဲ့အစည်းသာ အခွင့်ထူးခံလိုတာ၊ မိမိလူမျိုးက တခြားလူမျိုးတွေထက် ပိုအခွင့်အရေးယူချင်တာ၊ မိမိဘာသာကိုသာ အခွင့်ထူးခံခွင့် ရချင်တဲ့ မိသားစုစိတ်ဓာတ်မရှိတဲ့ ပြည်ထောင်စိတ်ဓာတ် ပျောက်ဆုံးနေတဲ့ မှားယွင်းတဲ့သိမြင်မှုတွေ ဖြစ်လာတော့တာပါပဲ။

ဒီကနေ့ မြန်မာ့နိုင်ငံရေးပဋိပက္ခကို ရှုမြင်ရာမှာ ရှင်းလင်းပြတ်သားစွာ သိမြင်နိုင်ဖို့ လိုပါတယ်။ အများပြည်သူတွေ တည်ဆောက်ချင်ကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို ဘယ်သူတွေက တည်ဆောက်လိုတယ်၊ ဘယ်သူတွေက မတည်ဆောက်လိုဘူးဆိုတာ ထင်ထင်ရှားရှား မြင်ခဲ့ကြရပါပြီ။ 

တိုင်းပြည်ရဲ့ ဖက်ဒရယ်ပြည်‌ထောင်စုတည်ဆောက်‌ရေး ပန်းတိုင်ချီရာ လမ်းတလျှောက်မှာ ဖြစ်ပေါ်လာခဲ့သမျှ တရွတ်ဆွဲနေတဲ့ အတားအဆီး နှောင့်နှေးစေမှုအားလုံးဟာ ဖက်ဒရယ်စနစ်ကိုမ သွားလိုတဲ့ စစ်အခွင့်ထူးခံအုပ်စုနဲ့ လူမျိုးရရေးအစွန်းရောက်တဲ့အုပ်စုတွေဆီက မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

မှန်ကန်တဲ့သိမြင်မှု မရှိတော့တာမို့ နောက်ကလိုက်ပါလာတဲ့ အလုပ်သုံးပါးကံတွေဟာလည်း မှားယွင်းတော့တာမို့ လူနည်းစုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားတဲ့ စစ်အခွင့်ထူးခံ စနစ်ဆိုးကို မပြင်ဆင်ချင်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ဆန့်ကျင်တားဆီးနေကြတာပါပဲ။

စစ်အခွင့်ထူးခံအုပ်စုနဲ့‌ နောက်လိုက်တွေဟာ ပြည်သူကို မျက်နှာမမူတဲ့အမြင်၊ ရပ်တည်ချက် အလွဲတွေ အလုပ်သုံးပါးကံအမှားတွေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ရင်း သမိုင်းအမှားတွေ ရေးထိုးနေကြတာပါပဲ။

နောက်တချက်ကတော့ ခေတ်လိုအပ်ချက်အရ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပေါ်ထွန်းလာရတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နှလုံးသွင်းအပ်တဲ့ နိုင်ငံရေးသမ္မာဒိဋ္ဌိအမြင်ကို တင်ပြလိုပါတယ်။

ဘယ်လောက်ပဲ အင်အားကြီးတဲ့ စစ်ခေါင်းဆောင် ဖြစ်ပါစေ၊ ပြည်သူက ရွေးချယ်ပေးထားတဲ့ နိုင်ငံရေးအဖွဲ့အစည်းရဲ့ ဦး‌ဆောင်မှုအောက်မှာ ပြည်သူအများစုဆန္ဒနဲ့အညီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်‌ထောင်စုပန်းတိုင်ကို အတူချီတက်ကြရမှာဖြစ်ပါတယ်။ 

CDM လှုပ်ရှားမှု၊ အ‌ထွေထွေဆန္ဒပြပွဲတွေ၊ လက်နက်ကိုင်တော်လှန်ရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး စတာအားလုံးဟာ နိုင်ငံရေးရဲ့အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ ရှင်ဘုရင်ကို သတ်ရင် ဘုရင်ဖြစ်တယ်ဆိုတဲ့ ခေတ်‌ဟောင်းက အယူအဆနဲ့ လက်နက်ကိုင်တော်လှန်‌ရေးနည်းကသာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆတွေ ကြီးစိုးသွားရင် လူ့သဘာဝအရ လက်နက်အင်အားကြီးလာပြီး နိုင်ငံရေးအသိမမှန်ရင် တော်လှန်ရေးလုပ်ရင်း အာဏာရှင်ဖြစ်တတ်တာကို သတိချပ်စေလိုပါတယ်။

နယ်ချဲ့ကိုလိုနီတွေကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့‌ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင်နည်းနဲ့ တော်လှန်ဆန့်ကျင်ခဲ့ကြရုံနဲ့ လွတ်လပ်ရေးရလာတာ မဟုတ်ပါဘူး။ စစ်ပြီးလို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်ဝတ်စုံချွတ်ပြီး နိုင်ငံရေးနယ်ထဲမှာ ပြည်မနဲ့ တောင်တန်းဒေသတွေ စည်းလုံးညီညွတ်စွာနဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တွေလက်ထဲက လွတ်လပ်ရေးကို နောက်ဆုံးမှာ နိုင်ငံရေးနည်းနဲ့အရယူခဲ့ကြရတာ ဖြစ်ပါတယ်။

တလောက သတင်းတွေထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပုလဲနယ်က ဗိုလ်နဂါးနဲ့ တော်လှန်ရေးအင်အားစုတွေ ချိတ်ဆက်နားလည်မှုရကြတဲ့ သတင်းကို ပြည်သူတယောက်အနေနဲ့ ဝမ်းမြောက်စွာ ဖတ်ရှုခဲ့ရပါတယ်။

ဒီစာစုကို နိဂုံးသတ်ရရင် အသိဉာဏ်ဦးစီးတဲ့ နိုင်ငံရေးသမ္မာဒိဋ္ဌိအမြင်ရှိကြဖို့ မြန်မာနိုင်ငံသားတိုင်း အဂတိတရားကင်းရှင်းစွာ ဘက်မလိုက်ဘဲ အမှန်နဲ့အမှား၊ တရားမှုနဲ့မတရားမှုကို ပိုင်းခြားဝေဖန် သုံးသပ်ကြိုးပမ်းရမှာဖြစ်သလို လက်တွေ့မှာလည်း အမှန်တရားကို စောင့်ရှောက်ဖို့၊ အခွင့်ထူးခံ စနစ်ဆိုးနဲ့ မတရားမှုကို လက်မခံကြောင်း သတ္တိရှိရှိ ပြသကြဖို့လိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ပြည်သူ‌တွေကို အခွင့်ထူးခံစစ် အာဏာရှင်စနစ်အောက်ကနေ တင်းပြည့်ကျပ်ပြည့် လွတ်မြောက်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ် တည်ရာမှာ ပါဝင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံရေးသမ္မာဒိဋ္ဌိ အမြင်မှန်စွာ အုတ်တချပ် သဲတပွင့်အဖြစ် ပါဝင်လို့ သမိုင်းကောင်းကို ကမ္ပည်းထိုးနိုင်ကြ‌ပါစေလို့ အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024