Home
မြန်မာသတင်း
လောင်းရှည်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၂ ဦးသေ၊ အများအပြားဒဏ်ရာရ
DVB
·
February 5, 2022
273353888_2760060877628689_4809412008861400854_n

မကွေးတိုင်း၊ လောင်းရှည်မြို့မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေကို  ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်နှစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ လောင်ရှည်PDF ထံကနေ သိရပါတယ်။

လောင်းရှည်မြို့ ရဲစခန်းကုန်းနဲ့ မီးသတ်ကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ မနက် ၇ နာရီလောက်မှာ လောင်ရှည်PDF နဲ့ YDF(ဆော၊ကျောက်ထု)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာ ကြောင့် စစ်ကောင်စီဘက်က ၂ ပွင့်နဲ့ အရာရှိ တစ်ယောက်၊ တပ်သားတစ်ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ လောင်းရှည်PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတွေအနားထိ တက်ပြီး လက်လုပ် တာဝေးပစ် လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ သူတို့ဘက်ကလည်း စက်လတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်လို့ မနက် ၉နာရီအထိ ၂ နာရီလောက်ကြာအောင် တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေရမ်းသန်း ပစ်ခတ်လို့ အရပ်သားပြည်သူ တစ်ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်”။

တိုက်ပွဲတွေ ပြီးသွားပေမဲ့လည်း ကပစ(၂၅)က စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်က မြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်တွေက ခြံဝိုင်းထဲတွေထိကျပြီး ပေါက်ကွဲ တာဗျ။ မွန်းလွဲ ၂ နာရီလောက်အထိ ရမ်းသန်းပြီးတော့ ပစ်ခတ်သံတွေ ဆူညံလို့ပဲ။ လောင်းရှည်မြို့ ဒေသခံတွေအပြင် အနီးနားကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင် ပုန်းအောင်းနေရတယ်”လို့  မြို့ခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ခရီးသွားတာ တွေ၊ တောတောင် ယာခင်းတွေကို သွားတာတွေမှာ အထူးဂရုစိုက်ကြဖို့ လောင်းရှည် PDF က သတိပေးထားပါတယ်။

တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးသလို  စစ်ကောင်စီဘက်က လည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024